ပုလဲ၊ မတ် ၁၆၊ ၂၀၂၂။
စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်ရှိ နှောရိုးရွာနဲ့ တုံးကန်ရွာက နေအိမ်တွေကို မီးရှို့ဖျက်ဆီးလာတဲ့ စစ်ကောင်စီတပ်သားတွေ မတ်လ ၁၆ ရက်ဒီနေ့မနက် ၉ နာရီလောက် မှာ လက်နက်ကြီးနဲ့ တိုက်ခိုက်ခံခဲ့ရပါတယ်။
ပုလဲမြို့နယ်၊ အင်ကြင်းစုရွာကနေ ခြေလျှင်ချီတက်လာတဲ့ အင်အား ၈၀ ပါ အဲ့ဒီတပ်သားတွေကို ရွှေလောင်းကျေးရွာ မြောက်ဖက်ထန်းတောမှာ စခန်းချနေစဥ် တာဝေးပစ်ဒုံးနဲ့တိုက်ခိုက်ခဲ့တာဖြစ်ပြီး၊ စစ်ကောင်စီဘက်က ထိခိုက်ဒဏ်ရာရသူ များနိုင်တယ်လို့ ကျားသစ်နက်ပြောက်ကျားတပ်ဖွဲ့တာဝန်ခံက ပြောပါတယ်။
“အင်ကြင်းစုရွာမှာ ညအိမ်ပြီး ခြေကျင်ထွက်လာတဲ့ စစ်ကြောင်းကို ထိပ်ကပိတ်ပြီးပစ်တဲ့သဘောပါ၊ ကြိုတင်စီစဥ်ထားတာမဟုတ်တဲ့အတွက် အပြန်အလှန် ပစ်မှုတော့ မရှိခဲ့ပါဘူး၊ ဖရိုဖရဲဖြစ်သွားတာ မြင်ရတယ်၊ အထိအခိုက်တော့များနိုင်တယ်၊ အတိအကျတော့မသိရသေးဘူး၊ “ လို့ သူကပြောပါတယ်။
တိုက်ခိုက်ခံရပြီးနောက် အဲ့ဒီတပ်တွေဟာ ပုလဲမြို့ဘက်ကို တပ်ဆုပ်သွားတယ်လို့လည်း ကျားသစ်နက်ပြောက်ကျားတပ်ဖွဲ့တာဝန်ခံက ဆိုပါတယ်။
ပုလဲမြို့နယ်အတွင်းက ကျေးရွာအချို့ကို စစ်ကောင်စီက မီးရှို့ဖျက်ဆီးတာတွေအပြင် ဝင်ရောက်တပ်ဆွဲ နေထိုင်တာတွေလုပ်ပြီး၊ ကျေးရွာအတွင်း သေနတ်ပစ်ဖောက်တာတွေလည်း ရှိတာကြောင့် စစ်ကောင်စီစခန်းချနေထိုင်ခဲ့တဲ့ အင်ကြင်းစုရွာက ဒေသခံတဦးလည်း ခြေထောက်ကို ကျည်ထိမှန်ခဲ့တယ်လို့ သိရပါတယ်။
မြေလတ်အသံ - Myaelatt Athan
No comments:
Post a Comment