မိုးမောက် - မတ် ၇၊ ၂၀၂၂။
စစ်ကောင်စီလက်အောက်ခံ နယ်ထိန်းရဲတစ်ဦး ယနေ့ညနေ ၅ နာရီခွဲခန့်က မိုးမောက်မြို့နယ်တွင် ပစ်သတ်ခံရကြောင်း သိရသည်။
အဆိုပါရဲသည် နောက်စေ့တွင်ပစ်သတ်ခံရခြင်းဖြစ်ပြီး မည်သည့်အဖွဲ့က လာရောက်ပစ်ခတ်သည်ကို မသိရှိကြောင်း အမည်မဖော်လိုသည့် သတင်းရင်းမြစ်တစ်ဦးက The 74 Media ကိုပြောသည်။
“သူကဈေးဝယ်တယ်ထင်တယ်။ ဆိုင်ကယ်နဲ့သွားရင်း ရပ်နေတဲ့ချိန် နောက်စေ့တည့်တည့် ပစ်ခံရတာ။” ဟုပြောသည်။
ပစ်သတ်ခံရသည့်သူသည် အသက် ၃၅ နှစ်အရွယ် နယ်ထိန်းရဲ ဦးကျော်ဇေယျ (ခ) ကျော်ကျော် ဖြစ်ပြီး သူ၏အလောင်းကို ယခုချိန်တွင် မိုးမောက်ဆေးရုံမှ ရင်ခွဲရုံတွင် ထားရှိကြောင်း သူကပြောသည်။
ပစ်ခတ်မှုဖြစ်စဉ်ဖြစ်ပွားပြီးနောက် မိုးမောက်မြို့မရဲစခန်းမှ ရဲ ၁၀ ဦးကျော်ခန့် ကားနှစ်စီးဖြင့်ရောက်ရှိလာသည်ဟု အခြားဒေသခံတစ်ဦးက ပြောသည်။
မိုးမောက်မြို့နယ်တွင် ဖေဖော်ဝါရီ ၁၉ ရက်နေ့က မိုးမောက်မြို့အခြေစိုက် စစ်ကောင်စီ ခြေမြန်တပ်ရင်း ခ.မ.ရ (၄၃၇) ရှေ့တွင် ဒေသခံအမျိုးသားနှစ်ဦးပစ်သတ်ခံရပြီး စစ်အင်အားတိုးချဲ့လာသည့် မိုးမောက်မြို့အခြေစိုက် စစ်ကောင်စီ ခြေမြန်တပ်ရင်းနှင့် ကချင်လွတ်မြောက်ရေးတပ် (KIA) တို့အကြား ဖေဖော်ဝါရီ ၁၇ ရက်နေ့ကတိုက်ပွဲဖြစ်ပွားခဲ့သည်။
The 74 Media
No comments:
Post a Comment