တန့်ဆည် - မတ် ၇၊ ၂၀၂၂။
စစ်ကောင်စီတပ်နှင့်ပျူစောထီးတပ်ဖွဲ့ဝင်များကို ယမန်နေ့ မွန်းလွှဲ ၂ နာရီခန့်က တန့်ဆည်မြို့နယ်တွင် PDF တပ်များက တိုက်ခိုက်ခဲ့သဖြင့် ၃၀ ဦးခန့်သေဆုံးခဲ့ကြောင်း သိရသည်။
ထိုစစ်ကောင်စီတပ်နှင့်အဖွဲ့များသည် ကျွန်းလည်ကျေးရွာမှ ဘေရင်းကျေးရွာသို့ သွားရာလမ်းခုလတ် ကဘဲရွာအနီးတွင် လက်နက်ကြီးများဖြင့် ပစ်ခတ်ခံရခြင်းဖြစ်သည်ဟု ခိုင်လုံသည့်သတင်းရင်းမြစ်တစ်ဦးက The 74 Media ကိုပြောသည်။
“ပျူခေါင်းဆောင်တွေရယ် မဘသဘုန်းကြီး ဦးဝါသဝလည်းပါတယ်။ ကိုယ့်ဘက်က လက်နက်ကြီးနဲ့ လိုက်ထုတာ သူတို့ဘက်က သိပ်ပြန်မပစ်နိုင်ဘူး။ ထုတာနဲ့ပြေးကြတာ။ ၃၀ လောက်သေတာ။ ကျွန်းလည်က အတည်ပြုတာ။” ဟုပြောသည်။
လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခံရပြီးနောက် ထိုစစ်ကောင်စီတပ်နှင့်အဖွဲ့များသည် ကျွန်းလည်ကျေးရွာသို့ ပြန်လည်တပ်ဆုတ်သွားသည်ဟု သူကပြောသည်။
၎င်းအဖွဲ့သည် ယမန်နေ့နံနက် ၆ နာရီခန့်က မြောက်အင်းကျေးရွာအနီးရှိ စစ်ရှောင်စခန်းတစ်ခုကို လက်နက်ကြီးများဖြင့်ပစ်ပြီး ပြည်သူလေးဦးကိုဖမ်းဆီးခေါ်ဆောင်သွားကြောင်း သိရသည်။
စစ်ကိုင်းတိုင်းတွင် မတ်လ ၃ ရက်နေ့ည ၁၁ နာရီမှ မြို့နယ်အများစုတွင် အင်တာနက်လိုင်းများ ဖြတ်တောက်ခံထားရသော်လည်း စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်တို့အကြား တိုက်ပွဲများပြင်းထန်လျက်ရှိသည်။
The 74 Media
No comments:
Post a Comment