အင်္ဂပူ ၊ မတ်လ ၁၁ ရက်
ဧရာဝတီတိုင်းဒေသကြီး၊ အင်္ဂပူမြို့နယ်၊ ထန်းပင်ကုန်းကျေးရွာက ပျူစောထီးခေါင်းဆောင် လှိုင်ဝင်းအောင်ဆိုသူဟာ ယနေ့မနက် ၃ နာရီခန့်က သေနတ်နဲ့ ပစ်သတ်ခံခဲ့ရပြီး သေဆုံးသွားတယ်လို့ဒေသခံတွေထံကနေသိရပါတယ်။
"ဒီနေ့ မနက်၃နာရီလောက်က ပစ်သွားတာ ။ ချက်ခြင်းမသေဘူး။ ဟင်္သာတဆေးရုံရောက်မှသေတာ။ သူက ပျူစောထီးသင်တန်းဆင်း ရဲ၀တ်စုံတောင်၀တ်ပြီး ပြည်သူတွေကိုဖမ်းနေတာ။ နာမည်ကြီးပဲ။ အရင် ကြံ့ဖွတ်ဝန်ကြီးချုပ် ဦးသိန်းအောင် တပည့်လို့လဲသိရတယ် "လို့ ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောပါတယ်။
ပျူစောထီးခေါင်းဆောင် လှိုင်ဝင်းအောင်ဟာကျေးရွာနေ ပြည်သူများအား ခြိမ်းခြောက်နေသူတစ်ဦးဖြစ်ပြီး၊ စစ်ကောင်စီတပ်များနှင့် ရဲများအား မဟုတ်မမှန်သတင်းများပေးကာ ဒေသခံပြည်သူများအား ဖမ်းဆီးခိုင်းနေသူတစ်ဦးဖြစ်သည့်အတွက် ရှင်းလင်းခဲ့ခြင်းဖြစ်ကြောင်း စွန်ရဲနီ PDF အဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။
"လှိုင်ဝင်းအောင်သတင်းပေးလို့ အဖမ်းခံရတဲ့သူတွေ အင်္ဂပူမြို့နယ်ထဲကရွာတွေမှာ တော်တော်များတယ်၊တော်လှန်ရေးအတွက် ဆူးငြှောင့်တစ်ခုဖြစ်လို့ရှင်းလင်းခဲ့တာပါ။ဒီနေ့မနက်ပိုင်းမှာ ခေါင်းကိုသေနတ်နဲ့နှစ်ချက်ပစ်ခဲ့ပါတယ် "လို့စွန်ရဲနီ PDF တပ်ဖွဲ့ တာ၀န်ရှိသူတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောပါတယ်။
စစ်ကောင်စီတပ် နဲ့ ရဲများက ယနေ့မနက်ပိုင်းအချိန်တွင် ပစ်ခတ်မှုဖြစ်ပွားရာ ထန်းပင်ကုန်းကျေးရွာမှာ ပိတ်ဆို့စစ်ဆေးမှုများ ပြုလုပ်ခဲ့ပြီး၊ မတရားဖမ်းဆီးမှုများပြုလုပ်လာနိုင်သဖြင့်ဒေသခံများ သတိထားနေထိုင်သင့်ကြောင်း စွန်ရဲနီ PDF အဖွဲ့က သတိပေးထားပါတယ်။
Ayeyarwaddy Times
No comments:
Post a Comment