ဓာတ်ပုံ - မီးမရှို့ခံရမီ Google Earth မှ မြင်ရသည့် သဲတောကျေးရွာ |
ပခုက္ကူ၊ မတ်လ (၁၄)
မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ သဲတောကျေးရွာကို ယနေ့ မတ်လ (၁၄) နံနက်ပိုင်းတွင် အကြမ်းဖက်စစ်ကောင်စီလက်ပါးစေများက မီးရှို့ဖျက်ဆီးခဲ့ပြီး သက်ကြီးရွယ်အိုများနှင့် ထွက်မပြေးနိုင်သည့် လူမမာများ မီးလောင်သေဆုံးမှုရှိခဲ့သည်ဟု ပခုက္ကူလူထုတိုက်ပွဲကော်မတီမှ သိရသည်။
“ဒီနေ့မနက်ပိုင်းမှာ ဝင်ပြီးဖျက်ဆီးတာ သက်ကြီးရွယ်အိုနဲ့မပြေးနိုင်တဲ့လူမမာတွေသေဆုံးမှုရှိပါတယ်။ သေဆုံးသူအရေအတွက်ကိုတော့ အခုချိန်ထိ အတိကျအတည်မပြုနိုင်သေးဘူး။" ဟု ပခုက္ကူလူထုတိုက်ပွဲကော်မတီ မှ တာဝန်ရှိသူတစ်ဦးက လူငယ့်ခေတ်သို့ ပြောသည်။
သဲတောကျေးရွာမှ ဒေသခံပြည်သူများကိုလည်း အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဖမ်းဆီးထားပြီး ရွာဓမ္မာရုံနှင့်ကြက်ခြံတစ်ခြံကိုလည်း မီးရှို့ဖျက်ဆီးသွားကြောင်း သိရသည်။
“ပစ်ခတ်ပြီးဝင်လာတာ၊ သေနတ်ထိတဲ့ လူတွေလည်းရှိတယ်၊ ဒေသခံ(၂၀)ကျော်လည်း ဖမ်းဆီးခံထားရတယ်။၊ ပိတ်မိနေတဲ့သူတွေလည်း ရှိနေသေးတယ်။”ဟု ဒေသခံတစ်ဦးက လူငယ့်ခေတ်သို့ ပြောသည်။
ကနဦးသတင်းများအရ ဒေသခံရွာသားတစ်ဦး၏ နေအိမ်မှ ဖုန်းနှင့်ပိုက်ဆံကျပ်(၁၀)သိန်းခန့်ကိုလည်း စစ်ကောင်စီလက်ပါးစေများက ခိုးယူသွားကြောင်း သိရသည်ဟု ဒေသခံများကပြောသည်။
ထိခိုက်ဒဏ်ရာရရှိမှုနှင့် ဆုံးရှုံးပျက်စီးမှုအခြေအနေများကို လူငယ်ခေတ်အနေဖြင့် ဆက်လက်စုံစမ်းနေသည်။
Lu Nge Khit
No comments:
Post a Comment