မြောင်မြို့နယ် နေပူကုန်းရွာက နွားတွေကို စစ်အုပ်စုက ခိုးယူလုယက်ပြီး လှေနဲ့တင်သွားစဉ်/Photo – CJ |
စစ်အုပ်စုက ဒေသခံ လူငယ်တစ်ဦးကို ပစ်သတ်ပြီး ခုနှစ်ဦးကို ဓားစာခံ လူသားဒိုင်းအဖြစ် ဖမ်းခေါ်သွား၊
မတ် - ၅
စစ်ကိုင်းတိုင်း မြောင်မြို့နယ်အတွင်း ရွာစဉ်ပတ်မွှေ သောင်းကျန်းနေတဲ့ စစ်အုပ်စုကို ယနေ့က မနက်ပိုင်းအချိန် နဘက်ကျေးရွာအနီးမှာ မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ တပ်ကြပ်ကြီးအဆင့် အပါအဝင် စစ်ကောင်စီ လက်နက်ကိုင် လေးဦး သေပြီး သုံးဦး အပြင်းအထန် ဒဏ်ရာရသွားတယ်လို့ မြောင်မြို့နယ် တော်လှန်ရေးတပ် - MRA က ဖော်ပြပါတယ်။
မနေ့ မတ်လ(၄)ရက် မနက်(၁၀)နာရီလောက်က မြောင်မြို့နယ် ကျောက်ရစ်ရွာကနေ ခြေလျှင် ထွက်လာတဲ့ အင်အား (၅၃)ဦးပါ စစ်အုပ်စုကို ကင်းကျေးရွာနဲ့ နဘက်ရွာသစ်ကြားမှာ ပဒေသာမိုင်းနဲ့ ဖောက်ခွဲ တိုက်ခိုက်ခဲ့တာလို့ MRA က ဆိုပါတယ်။
မိုင်းဆွဲခံရတဲ့ စစ်အုပ်စုဟာ အော်ဟစ်ဆဲဆိုပြီး မြင်သမျှလူကို ပစ်ခတ်ခဲ့သလို နဘက်ရွာက အသက်(၂၀)ကျော်အရွယ် လူငယ်တစ်ဦးလည်း သေနတ်နဲ့ သုံးချက် ပစ်သတ်သွားတယ်လို့ ဒေသခံတွေက ဆိုပါတယ်။
“စကစတပ်ဘက်မှ မိုင်းဆွဲတိုက်ခိုက်မှုကို ခံရပြီးသည့်နောက် ပစ်ခတ်မှုများ ရှိခဲ့ပြီး၊ ပစ်ခတ်မှုကြောင့် နဘက်ကျေးရွာမှ ကိုရဲသွေးအောင်(ခ) ငတိ အသက်(၂၆)၊ ဦးခေါင်းတစ်ချက်နှင့် ခန္ဓာကိုယ်နှစ်ချက်ထိမှန်ကာ သေဆုံးခဲ့သည်” လို့ မြောင်ဒေသ သတင်းတွေ ဖော်ပြနေတဲ့ မြောင်လူထုကွန်ယက် - MPN က ဆိုပါတယ်။
ဒါ့အပြင် စစ်အုပ်စုဟာ မိုင်းဆွဲခံရပြီးနောက် နဘက်ရွာအတွင်း စီးနင်းပြီး ညလုံးပေါက် သေခံတွေကို အနိုင်ကျင့်နှိပ်စက် သောင်းကျန်းခဲ့သလို ဒီကနေ့ မနက်(၁၁)နာရီအချိန် ရွာက ပြန်ထွက်သွားရာမှာလည်း ဒေသခံ အရပ်သား ပြည်သူ ခုနှစ်ဦးကို ဓားစာခံ လူသားဒိုင်းအဖြစ် ဖမ်းခေါ်သွားတယ်လို့ မြောင်လူထုကွန်ယက် - MPN က ဖော်ပြပါတယ်။
စစ်ကောင်စီဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာလကုန်ပိုင်းက စတင်ပြီး မြောင်နယ်အတွင်း ရွာစဉ်ပတ်မွှေ သောင်းကျန်းနေတာပါ။
မနေ့ကလည်း မြောင်မြို့နယ် နေပူကုန်းရွာကို စစ်အုပ်စု ဝင်မွှေပြီး ဒေသခံတွေရဲ့ တန်ဘိုးကြီး ပစ္စည်းတွေကို ဖော်ထွင်း ခိုးယူလုယက်သလို နေအိမ်တွေကို မီးရှို့ပြီး ကျွဲ၊နွားတွေကိုပါ လှေနဲ့တင် ခိုးယူသွားတယ်လို့ မြောင်ဒေသခံတွေက ဆိုပါတယ်။
လက်ရှိမှာတော့ မြောင်မြို့နယ် အပါအဝင် စစ်ကိုင်းတိုင်းက မြို့နယ် အများအပြားကို စစ်အုပ်စုက အင်တာနက်ဖြတ်တောက် ထားပါတယ်။
Mandalay Free Press - MFP
No comments:
Post a Comment