ကသာသို့ဆန်တက်လာသည့် စစ်ကောင်စီသင်္ဘော (၂)စီး အပစ်ခံရပြီးနောက် ကျေးရွာများကို လက်နက်ကြီးဖြင့် ရမ်းသန်းပစ်နေ


ဝက်လက်၊ မတ်လ (၁၁)

မန္တလေးမှ ကသာမြို့ဘက်သို့ ဆန်တက်လာသည့် စစ်ကောင်စီ၏ သင်္ဘော(၂)စီးကို ဝက်လက်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်များက ပစ်ခတ်ခဲ့ရာ အနီးနားကျေးရွာများကိုပါ စစ်ကောင်စီလက်ပါးစေများက လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့ကြောင်း ဒေသခံများထံကသိရသည်။

ယမန်နေ့ မတ်လ (၁၀) ရက်နေ့ ညနေက မန္တလေးမှ ကသာမြို့ဘက်သို့ ဆန်တက်လာသည့် စစ်ကောင်စီသင်္ဘော (၂) စီးကို ဒေသခံ ဝက်လက်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ပေါင်းစုံက ငါးပတ်ချောင်းကျေးရွာအနီးမှ စောင့်၍ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

တိုက်ပွဲဖြစ်သည့် မြစ်ကြောင်းနေရာမှာ စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်နှင့် မန္တလေးတိုင်း၊ စဥ့်ကူးမြို့နယ် အစပ်ဖြစ်ကာ မောင်းပြေးလာသည့် စစ်ကောင်စီ သင်္ဘောများက စဥ့်ကူးမြို့နယ်၊ ရွာသာယာကျေးရွာကို လက်နက်ကြီးများနှင့် ရမ်းသမ်းပစ်ခတ်ခဲ့ရာ အမျိုးသမီးတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ကျေးရွာအတွင်းမှ နွား (၅) ကောင် သေဆုံးခဲ့ကြောင်း ဒေသခံများထံက သိရသည်။

"အပြန်အလှန်ပစ်ပြီးတဲ့ရွာ ကျော်တော့မှ သက်သက်မဲ့ ရွာထဲကိုဆင်းပစ်တာ။ ပြီးတော့ သူတို့ပစ်တဲ့ရွာက NLD ပါတီဝင်တွေရှိပေမဲ့ ကြံ့ခိုင်ရေးပါတီဝင်တွေ ပိုများတဲ့ရွာ။ အဲဒီရွာကရေကာတာ (ကမ်းထိန်း ) လည်း လက်နက်ကြီးထိပြီး မီးလောင်သွားတယ်။"ဟု ဒေသခံတစ်ဦးကပြောသည်။

ပြီးခဲ့သည့် မတ်လ (၈) ရက်နှင့် (၉)ရက်နေ့များတွင်လည်း ဝက်လက်မြို့နယ်အရှေ့ပိုင်း၌ စစ်ကောင်စီ၏ခြေလျင်တပ်များနှင့် ဒေသခံပြည်သူ့ကာကွယ်ရေးတပ်များကြား တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်သား (၃) ဦး သေဆုံးခဲ့သည်။

ယနေ့နေ့လယ်ပိုင်းတွင် ဝက်လက်မြို့နယ်အရှေ့ပိုင်းကို စစ်ကောင်စီတပ်၏ ကားများဝင်ရောက်နေပြီး စဥ့်ကူးမြို့နယ်ဘက်ခြမ်း ရေကြောင်းမှတဆင့် စစ်ကောင်စီတပ်များဝင်ရောက်လာကာ ရဟတ်ယာဥ်တစ်စီး ပတ်ပျံနေကြောင်းဒေသခံများထံက သိရသည်။


Lu Nge Khit

ကသာသို့ဆန်တက်လာသည့် စစ်ကောင်စီသင်္ဘော (၂)စီး အပစ်ခံရပြီးနောက် ကျေးရွာများကို လက်နက်ကြီးဖြင့် ရမ်းသန်းပစ်နေ ကသာသို့ဆန်တက်လာသည့် စစ်ကောင်စီသင်္ဘော (၂)စီး အပစ်ခံရပြီးနောက် ကျေးရွာများကို လက်နက်ကြီးဖြင့် ရမ်းသန်းပစ်နေ Reviewed by THITHTOOLWIN on 19:21 Rating: 5

No comments:

Powered by Blogger.