မတ်လ ၆ ရက်နေ့၊ ၂၀၂၂
သန်လျင်မြို့နယ် အောင်ချမ်းသာရပ်ကွက်မှာ ဒီကနေ့ နံနက်ပိုင်းက စစ်မှုထမ်းဟောင်းရပ်ကွက်အုပ်ချုပ်ရေးမှုးတစ်ဦး သေနတ်နဲ့ပစ်ခတ်ခံရပြီးသေဆုံးခဲ့တယ်လို့ ရပ်ကွက်နေသူတွေဆီက သိရပါတယ်။
အောင်ချမ်းသာရပ်ကွက်အုပ်ချုပ်ရေးမှုးကို ဒီကနေ့ မနက် ၇ နာရီခန့်က အမည်မသိသေနတ်ကိုင်ဆောင်ထားသူတွေက ပစ်ခတ်ခဲ့လို့ သေဆုံးခဲ့တာဖြစ်တယ်လို့ အဆိုပါရပ်ကွက်နေသူတစ်ဦးက ပြောပါတယ်။
"သေနတ်သံကြားရတာတော့ သုံးချက်ပဲ။ လူနာတင်ကားတွေ ရောက်လာမှ အုပ်ချုပ်ရေးမှုးသေတယ်ဆိုတာသိတာ" ဟု သူကပြောပါတယ်။
သေဆုံးသူမှာ ရပ်ကွက်အုပ်ချုပ်ရေးမှူးဦးမောင်ဖုန်းဆိုသူဖြစ်ပြီး စစ်မှုထမ်းဟောင်းတစ်ဦးဖြစ်ကာကျည်ထိမှန်ဒဏ်ရာသုံးချက်နဲ့သေဆုံးခဲ့တာဖြစ်တယ်လို့ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
"အရင်ကလည်း သူ့ကိုလုပ်ကြံတာ နှစ်ကြိမ်ရှိတယ်။ အဲ့တုန်းက မသေဘူး အခုတစ်ကြိမ်မှာသေတာ" ဟုပြောပါတယ်။
အောင်ချမ်းသာရပ်ကွက်အုပ်ချူပ်ရေးမှူး ဦးမောင်ဖုန်းပစ်သတ်ခံရပြီးနောက် စစ်တပ်နဲ့ရဲတွေရောက်လာပြီး သေဆုံးရုပ်အလောင်းကို သန်လျင်ပြည်သူ့ဆေးရုံကြီးကိုပို့ဆောင်ခဲ့ပြီး ရန်ကုန်-သန်လျင် မြစ်ကူးတံတားဖြစ်တဲ့ ကုလားဝဲတံတားကို ပိတ်ဆို့စစ်ဆေးခဲ့တယ်လို့ ရပ်ကွက်နေသူတွေက သိရပါတယ်။
ဒီကနေ့ နေ့လည် ၁၂ နာရီကလည်း သန်လျင်မြို့နယ် လဟာရတ်ကျေးရွာအနီးမှာ ဆိုင်ကယ်စီးနင်းလာသူနှစ်ဦးကို အမည်မသိသေနတ်ကိုင်ဆောင်ထားသူတွေက ပစ်ခတ်ခဲ့ရာ ဆိုင်ကယ်မောင်းသူ သေဆုံးခဲ့တဲ့ ဖြစ်စဉ်လည်းရှိတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။
သန်လျင်မြို့နယ်မှာ ပြီးခဲ့တဲ့နှစ်ကုန်ပိုင်းကလည်း ဌာနဆိုင်ရာရုံးတွေမှာ ဗုံးပေါက်ကွဲမှုများဖြစ်ခဲ့ပြီး နှစ်ဖက်ပစ်ခတ်မှုများကြောင့် သေဆုံးသူများနှင့်ဖမ်းဆီးခံရသူတွေလည်းရှိတယ်လို့ ဒေသခံတွေဆီ ကသိရပါတယ်။
Salween Press
No comments:
Post a Comment