ဦးပိုင်က စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ထုတ်ပေးရမည့်အမြတ်ငွေ ကျပ်သန်းပေါင်း ၅ သောင်းဝန်းကျင်ရှိနေပြီး အကြောင်းအမျိုးမျိုးပြ၍ ငွေထုတ်မပေးဘဲ အချိန်ဆွဲနေ
မတ်လ ၁၂ ရက်
အာဏာသိမ်းစစ်တပ်ပိုင်မြန်မာ့စီးပွားရေးကော်ပိုရေးရှင်း ဦးပိုင်လီမိတက်က ၂၀၂၁ ခုနှစ်အတွက် စစ်ကောင်စီတပ် ဖွဲ့ဝင်အရာရှိ၊ စစ်သည်များကို ပြန်လည်ထုတ်ပေးရမည့် ဦးပိုင်အမြတ်ငွေသည် ခန့်မှန်းချေ ကျပ် သန်းပေါင်း ၅ သောင်းဝန်းကျင်ရှိကြောင်းစစ်ကောင်စီတပ်အသိုင်း အ ဝိုင်းထံက သိရသည်။
ဦးပိုင်လီမိတက်အနေဖြင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ ထည့်ဝင်ငွေပမာဏ၏ ၃၀ ရာခိုင်နှုန်းကို အတိုးနှုန်း အ ဖြစ် တနှစ်တကြိမ်ပြန်လည်ထုတ်ပေးရပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်အားလုံးအတွက် အမြတ်ငွေပမာဏသည် ခန့်မှန်းကျပ်သန်းပေါင်း ၅ သောင်းဝန်းကျင်ထိရှိနေကြောင်း သိရသည်။
''တပ်အင်အားနဲ့ တဦးချင်း အတိုးနှုန်းရမယ့် ငွေပမာဏကို ခန့်မှန်း ပျမ်းမျှတွက်ချက်တာပေါ့နော်။ စစ်သည်တဦးက လက်ရှိထည့်ဝင်ငွေ ၈ သိန်းရှိတယ်ဆိုရင်၊ ၃၀ ရာခိုင် နှုန်းအတိုးနှုန်းဆိုတော့ သူရမယ့် အမြတ်ငွေက ၂ သိန်း ၄ သောင်းကျပ်ရှိတယ်။ အခုလက်ရှိတပ်အင်အား တသိန်းခွဲလောက်နဲ့ တပ်ကထွက်ပြီးတဲ့ပင်စင်စားတွေနဲ့ စုစု ပေါင်း ၂ သိန်းလောက်ကိုတွက်ပြတာ။ ထည့်ဝင်ငွေက တော့ ၈ သိန်းထက် ပိုထည့်ထားတဲ့သူတွေရှိသလို ၈ သိန်းမပြည့်သေးတဲ့ သူတွေလည်းရှိနိုင်တယ်။ အများစုကတော့ ၈ သိန်းကျော်ကြတယ်။ ဒီပမာဏအကြမ်းဖျဥ်းတွက်ပြတာ အဲ့ထက်ပိုနိုင်တယ်''ဟု စစ်ကောင်စီတပ်အတွင်း ၁၀ နှစ်ကျော်တာဝန်ထမ်းဆောင်ခဲ့သည့် အမည်မဖော်လိုသူ အရာရှိဟောင်းတဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
စစ်ကောင်စီတပ်ဖွဲ့ဝင်များမှာ တပ်မှနှုတ်ထွက်၍ ပင်စင် စားဖြစ်သွားသော်လည်း အဆိုပါ ဦးပိုင်အစု ရှယ်ယာငွေ မူလအရင်းများကို ပြန်လည်ထုတ်ပေးခြင်းမရှိဘဲ ဆက် လက်ထိန်းသိမ်းထားပြီး ထည့်ဝင်ငွေ၏အတိုးနှုန်းကိုသာ တနှစ်တကြိမ်ထုတ်ပေးသည်ဟု ၄င်းကဆက်ပြောသည်။
ဦးပိုင်လီမိတက်အနေဖြင့် တာဝန်ထမ်းဆောင်ဆဲ စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏စုငွေများကိုသာ ပြန်လည်ထုတ် ပေးခြင်းဖြစ်ပြီး ခွင့်မဲ့/တပ်ပြေးများဖြစ်သွားသည့်စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ ထည့်ဝင်ငွေများသည် ၄င်းတို့ဦးပိုင်၏အပိုင်ငွေများဖြစ်သွားကြောင်း သိရသည်။
လက်ရှိတွင် ဦးပိုင်လီမိတက်အနေဖြင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များထံပြန်လည်ထုတ်ပေးရမည့်ကာလကို များစွာကျော်လွန်နေပြီး အဆိုပါဦးပိုင်အမြတ်ငွေများနှင့်ပတ် သက်၍ ယင်းကဲ့သို့ ကြန့်ကြာနေမှုကြောင့် စစ်ကောင်စီတပ်တွင်း ဝေဖန်ပြောဆိုမှုများမြင့်တက်နေပြီး ဦးပိုင်ဒေဝါလီခံရတော့မည့်အခြေစိုက်နေပြီဟုလည်း ပြောဆိုနေကြသည်။
''ငွေထုတ်ပေးမယ်ပြောတာ အတော်ကြာနေပြီ။ ဘာလို့ကြာနေလဲတော့မသိဘူး။ ဟိုလရွှေ့ ဒီလရွှေ့နဲ့။ အရင်က ၂ လပိုင်း လဆန်းအဲ့ဒီကနေ ၂ လပိုင်းကုန်။ အခုဒီလကုန်လို့ပြောနေပြန်ပြီ။ လစာက ဖြတ်တဲ့အချိန်ကျရင် ဘာမှန်းကိုမသိလိုက်ဘူး ဖြတ်သွားတာ။ အခုထိလည်းဖြတ်နေတုန်းပဲ။ ပြန်ထုတ်ပေးရမယ့်အချိန်ကျတော့ အခုလိုဖြစ်နေတယ်။ ဒေဝါလီများခံသွားပြီလားလို့ထင်ရတယ်"ဟု မကွေးတိုင်းအတွင်းက တပ်မိသားစုဝင်တဦးက ပြော သည်။
စစ်အာဏာသိမ်းပြီးနောက် မြန်မာ့စီးပွားရေးကော် ပိုရေးရှင်း ဦးပိုင်လီမိတက်အပါအဝင် ဦးပိုင်အကြီးပိုင်းအရာရှိများကို အနောက်နိုင်ငံများကပိတ်ဆို့ အရေးယူမှုများပြု လုပ်ထားသည့်အပြင် ၄င်းတို့၏ စစ်တပ်ထုတ်ကုန်၊ အဖျော်ယမကာများအပါအဝင်ကုန်ပစ္စည်းအများအပြားကို မသုံးစွဲဘဲ ဝိုင်းဝန်း သပိတ်မှောက်နေကြသဖြင့် ၄င်းတို့၏ဝင်ငွေများစွာထိခိုက်လျက်ရှိကြောင်း သိရသည်။
ဦးပိုင်လီမိတက်သည် ၄င်းတို့၏လုပ်ငန်းအများစုကို စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ ထည့်ဝင်ငွေများဖြင့်လည်ပတ်နေခြင်းပြီး စစ်ကောင်စီအကြီးတန်းအရာ ရှိ ဗိုလ်မှူးကြီးအဆင့်ကို သိန်း ၁၀၀၊ ဒုဗိုလ်မှူးကြီး အဆင့်ကို သိန်း ၅၀၊ဒုဗိုလ်မှဗိုလ်မှူးအဆင့်ထိသိန်း ၃၀ ၊အခြားအဆင့်အောက် ခြေစစ်သားများကို ၁၅ သိန်း ထိပြည့်မီအောင် ထည့်ဝင်ခိုင်းထားပြီး အဆိုပါပမာဏပြည့်သည်အထိ လစာမှဖြတ်တောက်နေကြောင်း စစ်တပ်အသိုင်းအဝိုင်းထံကသိရသည်။
Ayeyarwaddy Times
No comments:
Post a Comment