(စစ်ကောင်စီတပ်ကပစ်သတ်ခဲ့သော ရဲတပ်သားဂျော်ကာတိုး ။ ဓါတ်ပုံ-CJ) |
●ရဲတပ်သားဂျော်ကာတိုး အသတ်ခံရမှုအပေါ်မိသားစုကရဲစခန်းသို့သွားရောက် အမှုဖွင့်သော်လည်းအမှုဖွင့်မပေး
မကွေးတိုင်း၊ ရေစကြိုမြို့တွင် အကြမ်းဖက်စစ်ကောင်စီတပ်က ရဲတစ်ဦးနှင့် ကြံ့ခိုင်ရေးပါတီဝင် အမျိုးသားတစ်ဦးအား ပစ်ခတ်သတ်ဖြတ်ခဲ့ကြောင်းဒေသခံများကပြောသည်။
ယမန်နေ့ (မတ်လ ၈ ရက်နေ့) ည ၉း၃၀ အချိန်ခန့်က ရေစကြိုမြို့ ဖောင်တော်ဦးရပ်၊ ဖောင်တော်ဦးဘုရားတွင် ကင်းပုန်းဝပ်နေသော အကြမ်းဖက်စစ်ကောင်စီတပ်သည် ဖြတ်သန်းသွားလာသူနှစ်ဦးအား မသင်္ကာ၍ လိုက်လံပစ်ခတ်ရာ အသက် ၂၅ နှစ်အရွယ် ရဲတပ်သား ဂျော်ကာတိုးဆိုသူနှင့် အသက် ၆၂ နှစ်အရွယ် ကြံ့ခိုင်ရေးပါတီဝင် ဦးဝင်းမြင့်ဆိုသူ သေဆုံးသွားကြောင်း ဒေသခံများက ပြောသည်။
"စစ်တပ်က PDF တွေကိုချောင်းနေတာ။ ကျွန်တော်ရဲပါလို့ ပြောတာကို မူးရူးနေတဲ့ စခတွေက ပစ်သတ်သွားတာ။ ဦးဝင်းမြင့်ကတော့ ဆီးခုံမှန်ပြီးဆုံးတယ်။ ရဲကတော့ဆေးရုံမှာဆုံးတယ်"ဟု ဒေသခံတစ်ဦးက ပြောသည်။
ရဲတပ်သားဂျော်ကာတိုး ပစ်သတ်ခံရသည့်ကိစ္စ မိသားစုက မကျေနပ်၍ ရဲစခန်းသွားရောက် အမှုဖွင့်သော်လည်း အမှုဖွင့်မပေးကြောင်း ဒေသခံများက ပြောသည်။
"ည ၁၁ လောက်ကလည်း ပေါက်ကွဲသံ ၃ ချက်လောက်ကြားရတယ်။ တော်တော်ပြင်းတယ်"ဟုဒေသခံတစ်ဦးကပြောသည်။
အဆိုပါ ပစ်ခတ်ပေါက်ကွဲသံများကြောင့် အနီးဝန်းကျင်ရှိကျေးရွာများ ကြောက်လန့်ကာထွက်ပြေးတိမ်းရှောင်ခဲ့ရကြောင်းဒေသခံများကပြောသည်။
ယမန်နေ့ နံနက် (၂) နာရီခန့်ကလည်း ရေစကြိုနှင့်နယ်ချင်းဆက်နေသည့် ပခုက္ကူမြို့နယ်၊ အရှေ့ချောက်ကန်ကျေးရွာရှိ စစ်ကောင်စီမှ လက်နက်တပ်ဆင်ပေးထားသော ပျူစောထီးအဖွဲ့ဝင်ဖြစ်သူ ဇော်မင်းနိုင်အားမဟာမိတ် အဖွဲ့များပူးပေါင်း၍ ဝင်ရောက်ရှင်းလင်းခဲ့ရာ မိနစ်အနည်းငယ်ကြာ ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး ဇော်မင်းနိုင်မှာထွက်ပြေးလွတ်မြောက်သွားကြောင်း ပခုက္ကူအခြေစိုက် ပြည်သူ့ကာကွယ်ရေးအဖွဲ့များကထုတ်ပြန်သည်။ဇော်မင်းနိုင်ကြောင့်ပြည်သူများ၊ရဲဘော်များ၊လုံခြုံရေးများစွာ နစ်နာခဲ့ရသောကြောင့် ဝင်ရောက်ရှင်းလင်းရခြင်း ဖြစ်ကြောင်းထုတ်ပြန်ထားသည်။
People's Spring
No comments:
Post a Comment