![]() |
ကလေးမြို့ ဝယ်စလီဆေးရုံ (ပုံဟောင်း)/Photo – CJ |
စစ်အုပ်စုက နေ့လယ်ပိုင်းမှာ ကလေးမြို့ ဝယ်စလီဆေးရုံကို ဝင်စီးပြီး လူနာ နှစ်ဦးကို ဖမ်းဆီး၊
မတ် - ၂၂
စစ်ကိုင်းတိုင်း ကလေးမြို့ပေါ် ဆိုင်ကယ်နဲ့ လှည့်ပတ်သွားလာ မွှေနှောက်နေတဲ့ စစ်အုပ်စုကို ဒီကနေ့ မနက်ပိုင်းအချိန် တောင်ဖီလာ ရပ်ကွက်မှာ ခြုံခို တိုက်ခိုက်ခဲ့ပြီး စကစ တစ်ဦးသေကာ နှစ်ဦး ဒဏ်ရာရသွားတယ်လို့ ကလေးမြို့နယ် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ - Kalay PDF က သတင်းထုတ်ပြန်ပါတယ်။
ဒီကနေ့ မတ်(၂၂)ရက် မနက်(၇)နာရီကျော်က ကလေးမြို၊ တောင်ဖီလာရပ်ကွက်၊ တောင်ဖီလာ လမ်းပေါ်မှာ ဆိုင်ကယ်သုံးစီးနဲ့ လှည့်ပတ်သွားလာနေတဲ့ စစ်အုပ်စုကို အိမ်တွင်းမှု သင်တန်းကျောင်းအနီးမှာ Kalay PDF ရဲဘော်တွေက စောင့်ကြို တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
“မင်းအောင်လှိင်လက်ပါးစေ အကြမ်းဖက်စစ်သား ခြောက်ဦး တာဟန်းဘက်မှ တောင်သာဘက်သို မောင်းနှင်လာပြီး အိမ်တွင်းမှုသင်တန်းကျောင်း အနီးသို ရောက်ရှိလာစဉ် နံနက်(၇)နာရီ (၄၅)မိနစ်ခန့်၌ အသင့်စောင့်ဆိုင်း နေရာယူထားသော PDF (Kalay) တပ်ဖွဲဝင်များက သုံးမိနစ်ခန့် တရစပ် ပစ်ခတ် တိုက်ခိုက်ခဲ့ပြီး အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာခဲ့ပါသည်။ ပစ်ခတ်မှုအတွင်း မင်းအောင်လှိင်လက်ပါးစေ အကြမ်းဖက်စစ်သား တစ်ဦး နေရာတွင်ပွဲချင်းပြီး သေဆုံးပြီး နှစ်ဦး အပြင်းအထန် ထိမှန်ဒဏ်ရာ ရရှိသွားပါသည်။ ထိုနောက် မင်းအောင်လှိင်လက်ပါးစေ အကြမ်းဖက်စစ်သားများ၏ ရမ်းသမ်းပစ်ခတ်မှုကြောင့် အနီးပတ်ဝန်းကျင်မှ ပြည်သူ တစ်ဦး ခြေထောက်တွင် ကျည်ထိမှန် ဒဏ်ရာရရှိထားကြောင်း သိရပါသည်” လို့ Kalay PDF က ဖော်ပြပါတယ်။
မြို့ပေါ်မှာ အလစ်အငိုက် တိုက်ခိုက်ခံလိုက်ရတဲ့ စစ်အုပ်စုဟာ ဆဲဆိုသောင်းကျန်းပြီး လမ်းသွားလမ်းလာတွေကို ပစ်ခတ်တာကြောင့် ဒေသခံအမျိုးသား တစ်ဦး ခြေထောက်မှာ သေနတ်မှန် ဒဏ်ရာရတယ်လို့ ဆိုပါတယ်။
ဒါ့အပြင် စစ်အုပ်စုဟာ ဒီကနေ့ မနက်(၁၁)နာရီခွဲ လောက်မှာ ကလေးမြို့ တာဟန်းရပ်ကွက်က ဝယ်စလီဆေးရုံကို အကြမ်းဖက် စီးနင်းခဲ့ပြီး ဆေးကုသဖို့ ရောက်နေတဲ့ လူနာ အမျိုးသား နှစ်ဦးကို ဖမ်းဆီးသွားတယ်လို့ ဒေသတွင်းသတင်းတွေ ဖော်ပြနေတဲ့ Voice Of Kalay – VOK က ဖော်ပြပါတယ်။
“စစ်ကောင်စီ အကြမ်းဖက်သမား ရှစ်ဦးခန့်က တာဟန်းရပ်ကွက်၊ ဝယ်စလီဆေးရုံသို့ ဝင်ရောက်ကာ ဆေးဝါး လာရောက်ကုသရန် ရောက်ရှိနေသော အမျိုးသား နှစ်ဦးကို ဖမ်းဆီးသွားကြောင်း သိရသည်။ အကြမ်းဖက်သမားများသည် ဆေးရုံတာဝန်ရှိသူ အချို့အား ရိုင်းပြစွာ ပြောဆိုခြိမ်းခြောက်ခဲ့ပြီး ဆေးဝါးကုသသည့် အခန်းအချို့လည်း ဝင်ရောက်ရှာဖွေမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်” လို့ VOK က ဆိုပါတယ်။
အဲ့ဒီလို စစ်အုပ်စုက ဆေးရုံကို ဝင်စီးပြီး လူနာ နှစ်ဦးကို ဖမ်းဆီးတာနဲ့ ပတ်သက်ပြီး ဘာကြောင့်လဲ ဆိုတာကိုတော့ မသိရသေးပါဘူး။
စစ်အုပ်စုဟာ ဒီကနေ့ မနက်ပိုင်းကနေ နေ့လယ်ပိုင်းအထိ ကလေးမြို့ပေါ်မှာ ဖမ်းဆီးစစ်ဆေးတာတွေ လုပ်နေပြီး နံနက်ပိုင်း(၁၀)နာရီဝန်းကျင်က ဝယ်စလီဆေးရုံ အနီးတဝိုက်မှာ စစ်ဆေးတာတွေ လုပ်ခဲ့သလို ကလေးမြို့၊ ဆိပ်ကမ်းသာလမ်းပေါ်က ဆိပ်ကမ်းသာတံတား အနီးတဝိုက်နဲ့ ဥပုဒ်ချောင်းအတွင်းမှာလည်း စစ်ဆေးရှာဖွေတာတွေ၊ လမ်းသွားလမ်းလာတွေကိုပါ စစ်ဆေးရန်ပြုတာတွေ လုပ်ခဲ့တယ်လို့ ဆိုပါတယ်။
လက်ရှိမှာ စစ်အုပ်စုက ရွာစဉ်ပတ်မွှေ သောင်းကျန်းနေတာကြောင့် ကလေးမြို့နယ် တောင်ပိုင်းက ကျေးရွာတွေမှာ မတ်(၁၅)ရက်က စလို့ စစ်အုပ်စုနဲ့ ဒေသခံ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တွေကြား နေ့စဉ်နီးပါး ထိတွေ့တိုက်ပွဲတွေ ဖြစ်ပွားနေတယ်လို့ ကလေးဒေသ တော်လှန်ရေး အင်အားစုတွေက ပြောပါတယ်။
Mandalay Free Press - MFP

No comments:
Post a Comment