(မတ် ၁၀)
ခရမ်းမြို့နယ်တွင် ဒလန်ဟု နာမည်ဆိုးဖြင့် ကျော်ကြားနေသူနှစ်ဦး ယနေ့ မတ်လ ၁၀ ရက်နေ့တွင် တစ်ပြိုင်တည်း ပစ်သတ်ခံလိုက်ရကြောင်း သိရပါသည်။
ယနေ့မနက် ၅ နာရီခွဲခန့်က အမှတ် (၁၀) ရပ်ကွက်တွင် ဒလန်ဟု နာမည်ဆိုးဖြင့်ကျော်ကြားနေသူ ဒလန်မြင့်စိုး အမှတ် (၁၁) ရပ်ကွက် ဂုန်းဆင်းနားတွင် အမည်မသိအဖွဲ့တစ်ခုက သေနတ် ၅ ချက်ပစ်ခတ်ခဲ့ကြောင်း သိရပါသည်။ သေနတ်ပစ်ခတ်ခံရသောဒဏ်ရာများကြောင့် ဒလန်မြင့်စိုးမှာ ရန်ကုန်စစ်ဆေးရုံသို့ အရေးပေါ်ပို့ဆောင်လိုက်ရပြီး ယနေ့မနက် ၁၁ နာရီခန့်က ရန်ကုန်စစ်ဆေးရုံတွင် သေဆုံးသွားခဲ့ကြောင်း သိရပါသည်။
`၁၀ရပ်ကွက်ကနေ ချဥ်ပေါင်ခြံရွာကို လာပတ်မွှေနေတဲ့ ဒလန်မြင့်စိုး ဒီနေ့မနက် ၅ နာရီခွဲက သေနတ်နဲ့ ၅ ချက်ပစ်ခံရတယ်။ သူကပုံမှန် ဒေးပေါက်ဂိတ်ကခွေးတွေအတွက် နေ့တိုင်းစျေး၀ယ်ပေးတယ်၊ ခွေးတွေနဲ့ပေါင်းပြီး ဒလန် လုပ်နေတာကြာပြီ၊ သူ့ကြောင့် အရင်က လူငယ်တချို့ အဖမ်းခံရဖူးတယ်၊ အခုတော့ ဒလန်တို့သွားရာလမ်းသွားရပြီပေါ့´ ဟု ပြည်သူတစ်ဦးက ပြောသည်။
၎င်းပစ်ခတ်ခံရပြီး သိပ်မကြာသေးခင် ယနေ့မနက် ၁၀ နာရီခန့်က ခရမ်းမြို့ ကွမ်းမိုးဒိန်းကျေးရွာ ဒလန် သော်ဇင်ဦး(ခ)ကိုချော ကို အမည်မသိအဖွဲ့တစ်ခုက သေနတ် ၂ ချက်ပစ်ခတ်ခဲ့ကြောင်း သိရပါသည်။ ထို့နောက် ၎င်းအား ရန်ကုန်စစ်ဆေးရုံသို့ အရေးပေါ်ခေါ်ဆောင်သွားခဲ့ပြီး ယနေ့ည ၆ နာရီခန့်က ရန်ကုန်ဆေးရုံတွင် သေဆုံးသွားပြီဖြစ်ကြောင်း သိရပါသည်။
`ဒလန် သော်ဇင်ဦး(ခ)ကိုချောက ကွမ်းမိုးဒိန်းမှာ နှစ်လုံး၊ သုံးလုံး စစ်တပ်နဲ့ပေါင်းပြီး ချဲရောင်းတယ်၊ သုံးဘီးလည်းမောင်းတယ်။ ကျေးရွာထဲက လူငယ်တွေအိမ်ကို စခတွေ၀ိုင်းတဲ့အခါ သူကရှေ့ကလိုက်သွားတယ်၊ သူကစစ်တပ်သတင်းပေးလည်း လုပ်တယ်´ ဟု ရွာခံပြည်သူတစ်ဦးက ဆိုသည်။
ခရမ်းမြို့တွင် ယနေ့ဒလန်နှစ်ဦး ပစ်သတ်ခံခဲ့ရာက နှစ်ဦးစလုံးသေဆုံးခဲ့ပြီး ၎င်းတို့အား ပစ်ခတ်ခဲ့သောအဖွဲ့မှာ မည်သည့်အဖွဲ့ဖြစ်ကြောင်း မသိရှိရသေးပါ။
Khayan Channel
No comments:
Post a Comment