March 15,2022
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာနယ်၊ မင်းလယ်ရွာအနီး စစ်ကောင်စီတပ်၏ သဘော်တက်လာမည့်မြစ်ကြောင်းတစ်လျှောက်လုံခြုံရေးယူပေးရန် ခြေလျင်ဖြင့်ချီတက်လာသည့် စစ်ကောင်စီတပ်အား မတ်လ ၁၅ရက်နေ့ ညနေ ၄နာရီဝန်းကျင်တွင် ကသာအထက်ပိုင်း ဒေသကာကွယ်ရေးတပ်ဖွဲ့ မှမိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း မြေပြင်သတင်းပေးပို့ချက်အရသိရသည်။
"ဒီညနေ ၄နာရီခွဲလောက်မှာ သဘော်လုံခြုံရေးယူပေးဖို့ တက်လာတဲ့ခြေလျင်တပ်ကို မိုင်းဆွဲတိုက်ခိုက်ခဲ့တာပါ။ ထိခိုက်သေဆုံးတာတော့ အနည်းဆုံး ၁၀ယောက်လောက်တော့ရှိမယ်" လို့ ဒေသကာကွယ်ရေးတပ်ဖွဲ့နှင့် နီးစပ်သူတစ်ဦးကပြောသည်။
ပစ်ခတ်ခံရသည့် အဆိုပါ ခြေလျင်တပ်ရင်းသည် မတ်လ ၁၄ရက်နေ့ ကသာအနီးပစ်ခံရသည့် စစ်ကောင်စီတပ်၏ သဘော်အား လုံခြုံရေးယူပေးရန်တက်လာခြင်းဖြစ်ကြောင်း ၎င်းကဆက်ပြောသည်။
"ဟိုနေ့က ကသာအနားမှာ ပစ်ခံရတဲ့သဘော် ဒီနေ့ ကသာကနေ ၁၁နာရီလောက်မှာ ပြန်ထွက်သွားတာ အဲသဘော်ကိုလုံခြုံရေးယူပေးဖို့ တက်လာကြတာကို ဒီဘက်က RPG နှစ်လုံးနဲ့ရော မိုင်းနဲ့ပါ တိုက်ခိုက်နိုင်ခဲ့တယ်" ဒေသကာကွယ်ရေးတပ်ဖွဲ့နှင့် နီးစပ်သူကပြောသည်။
အဆိုပါ တိုက်ခိုက်မူတွင် စစ်ကောင်စီတပ်ဘက်မှ ထိခိုက်သေဆုံးသူ ၁၀ ဦးထက်မနည်းရှိနိုင်သည့်အပြင် စစ်ကောင်စီတပ်ဘက်မှလည်း ပြန်လည်ပစ်ခတ်လာသည့်အတွက် တစ်နာရီခန့်တိုက်ပွဲပြင်းထန်ခဲ့ကြောင်း သိရသည်။
စစ်ကောင်စီတပ်သည် ယခုရက်ပိုင်း ကသာအထက်ပိုင်း ရွှေကူ၊ဗန်းမော်ဘက်သို့ ရေကြောင်းအသုံးပြုကာ စစ်အင်အားသိသိသာသာဖြည့်တင်းလာသည့်အတွက် ကသာနယ်တစ်ဝိုက်မှ ကသာပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ ဒေသခံကာကွယ်ရေးတပ်ဖွဲ့၊ မြို့လှ PDF တပ်ဖွဲ့များ၏ မကြာခနစောင့်ကြိုတိုက်ခိုက်ခံနေရသည်။
" အဲနေ့က တော်တော်ထိတဲ့သဘောရှိတယ် လူနာတင်ယာဉ်နဲ့ ၆ ခါလောက်ဆေးရုံခေါက်ကြတယ်။ ပြီးတော့ အလောင်းတင်တဲ့ယာဉ် မြတ်ကုသိုလ် သူကသေတဲ့ဟာ တင်တဲ့ယာဉ်ပေါ့ အဲဒါတွေနဲ့တင်ပြီး ကသာသုသာန်မှာ မီးရိူ့ကြတယ်။ သူတို့တော်တော်အလုပ်ရှုပ်သွားကြတယ် အဲကြောင့်သဘော်က ဒီနေ့ နေ့လည်လောက်မှ ပြန်တက်ကြတာ" လို့ အမည်မဖော်လိုသည့် ဒေသခံတစ်ဦးကပြောသည်။
ကသာနယ်အထက်ပိုင်းတွင် ၂၀၂၂ ခုနှစ် ဇန်နဝါရီလမှစကာ မတ်လ ၁၅ရက်နေ့ထိ စစ်ကောင်စီတပ်နှင့်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များကြား ၁၉ ကြိမ်ထက်မနည်း တိုက်ပွဲဖြစ်ပွားခဲ့ပြီးဖြစ်သည်။
Kachin News Group
No comments:
Post a Comment