ကလေးမြို့ ကြံသာရွာမှာ တောင်ယာလုပ်ကိုင်နေတဲ့ တင်သားရွာသားတစ်ဦးအား စစ်ကောင်စီတပ် နှင့် ပျူစောထီးများ ဖမ်းဆီးသတ်ဖြတ်
ကလေး ၊ မတ်လ ၂၄ ရက်
စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ် ၊ ကြံသာကျေးရွာအနီးရှိ ဝဲတောင်တောထဲသို့ တင်သားရွာမှတောင်သူများက တောင်ယာများသွားရောက်လုပ်ကိုင်နေစဥ် မတ်လ ၂၂ ရက်နေ့ မနက်ပိုင်းက ကြံသာကျေးရွာအတွင်းရှိ တပ်စွဲထားတဲ့စစ်ကောင်စီတပ်သားများ နဲ့ ပျူစောထီးများက တောင်ယာလုပ်နေတဲ့ယာခင်းထဲက ပြည်သူများကို သေနတ်နဲ့ပစ်ခတ်ခြောက်လှန့်ခဲ့ပြီး အမျိုးသား၁ဦးကိုဖမ်းဆီးခေါ်ဆောင်သွားပြီး ကြံသာသင်္ချိုင်းမှာသတ်ဖြတ်ခံခဲ့ရတယ် ဒေသခံတွေကပြောပါတယ်။
အဲ့ဖြစ်စဉ်နဲ့ပတ်သက်ပြီး မေးမြန်းရာမှာ "ကျွန်မတို့ပဲချိတ်နေတဲ့ယာခင်းထဲကို သူတို့ကရုတ်တရက်ရောက်လာပြီးတော့ သေနတ်တွေနဲ့ပစ်ခတ်ခြောကက်လှန့်ခဲ့တယ်" လို့ လွတ်မြောက်လာသော အမျိုးသမီးတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောပါတယ်။
ဖေဖော်ဝါရီလ ၂၆ ရက်နေ့ ကလည်း စစ်ကောင်စီတပ် သားများဟာ တောင်ယာလုပ်နေတဲ့အမျိုးသား ၃၀ဦး ကျော်ကို ဖမ်းဆီးခဲ့ပြီး ၂၀ကျော် ပြန်လွှတ်ပေးကာ ၆ ယောက်ကိုတော့ ၎င်းတို့တပ်စွဲထားရာ ကြံသာကျေးရွာက စခန်းအနောက်ဘက် တောင်ယာခင်းထဲမှာ ပစ်ခတ်သတ်ဖြတ်ခဲ့တယ်လို့ ဒေသခံများထံမှသိရပါတယ်။
ယင်းကဲ့သို့ သတ်ဖြတ်ခံရတဲ့အထဲမှာ အသက် ၁၈ နှစ်မပြည့်သေးတဲ့ ကျောင်းသား မောင်ရှိုင်းသူဖြိုးလည်းပါဝင်နေတယ်လို့ သိရပါတယ်။
တင်သားကျေးရွာမှ ရွာသားအများစုဟာ တောင်ယာလုပ်ငန်းကိုသာ လုပ်ကိုင်စားသောက်ကြရတဲ့ တောင်သူတွေပဲဖြစ်ပြီး အခုလိုတောင်ယာလုပ်နေတဲ့ ယာခင်းထဲကို စစ်ကောင်စီတပ်များ လာရောက်ဖမ်းဆီးကာ သတ်ဖြတ်မှုများပြုလုပ်နေတဲ့အတွက် ရွာသားများဟာ ထိတ်လန့်ကြောက်ရွံ့နေကြပြီး တောင်ယာများသို့ သွားရောက်လုပ်ကိုင်ဖို့တောင် မဖြစ်နိုင်တော့ဘူးလို့လည်း ဆိုပါတယ်။
အဲ့ဒီဖမ်းဆီးခံရတဲ့အမျိုးသားများထဲမှလွတ်မြောက်လာသူတစ်ဦးက "ကျွန်တော်တို့ကို PDF တွေထောက်ပံ့သလား။ PDF ဘယ်လောက်အင်အားရှိလဲ ဆိုပြီးလည်း မေးတယ်။ ဖုန်းပါခဲ့တဲ့သူထံ ဖုန်းတွေကိုစစ်တယ်။ ရိုက်လည်းရိုက်တယ်"လို့ပြောပါတယ်။
စစ်ကောင်စီတပ်သားများဟာ ကြံသာကျေးရွာမှာတပ်စွဲထားတာ ၇ လ ဝန်းကျင်ကြာမြင့်နေပြီဖြစ်ပြီး ဖမ်းဆီးခံထားရသည့် အပြစ်မဲ့တောင်သူ ၃ ဦးမှာ ယနေ့အချိန်အထိ အဆက်အသွယ်ပြတ်တောင်နေဆဲဖြစ်တယ်လို့ ဒေသခံများထံမှ သိရပါတယ်။
Ayeyarwaddy Times

No comments:
Post a Comment