မန္တလေးမြို့ (၆၂)လမ်းပေါ်က သူနာပြုတက္ကသိုလ်/Photo – Wiki |
မတ် - ၁၄
မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ် (၆၂)လမ်း၊ သူနာပြုကျောင်းရှေ့မှာ အစောင့်ကျနေတဲ့ စစ်အုပ်စု ဒီကနေ့ မနက်ပိုင်းက ဗုံးထုတိုက်ခိုက်ခံရပြီးနောက် စစ်အုပ်စုက လမ်းသွားလမ်းလာ ပြည်သူတစ်ဦးကို ပစ်သတ်လိုက်တယ်လို့ ဒေသခ့တွေက ဆိုပါတယ်။
ဒီကနေ့ မတ်(၁၄)ရက် မနက်(၁၁)နာရီဝန်းကျင်က Mandalay Black King Scorpion PDF နဲ့ Guerilla Force of Mandalay မဟာမိတ်ညီနောင်နှစ်ဖွဲ့ ပူးပေါင်းပြီး ချမ်းမြသာစည်မြို့နယ်၊ (၆၂)လမ်းပေါ်က သူနာပြု တက္ကသိုလ်ရှေ့မှာ အစောင့်ကျနေတဲ့ စစ်အုပ်စုကို ဗုံးထုခဲ့တာပါ။ အဲ့ဒီလို တိုက်ခိုက်ခံရပြီးနောက် စစ်အုပ်စုက မြို့ပြပြောက်ကျား တပ်ဖွဲ့တွေကို လိုက်လံပစ်ခတ်ရာကနေ လမ်းသွားလမ်းလာ ပြည်သူတစ်ဦး သေနတ်မှန် သေဆုံးတာလို့ ဆိုပါတယ်။
“ဒီကနေ့ (၆၂)လမ်း ကျွန်တော်တိုမဟာမိတ် ညီအစ်ကိုတွေ စခများကို မိုင်းခွဲ တိုက်ခိုက်ခဲ့ရာမှ စခဘက်က ကျွန်တော်တို့ ရဲဘော်တွေကို လိုက်ပြီး စခတွေဘက်မှ ရမ်းပစ်ရာမှာ ပြည်သူတစ်ဦး ထိခိုက် သေဆုံးခဲ့ရတဲ့အတွက် မိသားစုနဲ့အတူ ထပ်တူ ဝမ်းနည်းကြေကွဲခဲ့ရပါတယ်။ ဖြစ်နိုင်ရင် မိဘပြည်သူများ အနေနဲ့ တိုက်ပွဲဖြစ်နေချိန်မှာ လွတ်ရာကို ရှောင်ပေးကြပါ။ သေဆုံးသူ မိသားစုအား အနူးညွတ် တောင်းပန်အပ်ပါတယ်။ ကျွန်တော်တိုမှာ လုပ်သင့်လုပ်ထိုက်တဲ့အချိန် လုပ်ရတာမို့ မိဘပြည်သူများအနေနဲ့ နားလည်ပေးကြပါ” လို့ Mandalay Black King Scorpion PDF က ဆိုပါတယ်။
စစ်အုပ်စုက ရမ်းကားပစ်ခတ်လို့ သေနတ်မှန် သေဆုံးသူဟာ ချမ်းမြသာစည်မြို့နယ်မှာ နေထိုင်တဲ့ လူငယ်အမျိုးသား ဖြစ်ပြီး သူကွယ်လွန်ချိန်မှာ အမေအိုကြီး တစ်ဦးတည်း ကျန်ရစ်တယ်လို့ နီးစပ်သူတွေက ဆိုပါတယ်။
စစ်အုပ်စုဟာ သူတို့ ပစ်ခတ်တိုက်ခိုက်ခံရချိန်မှာ နီးစပ်ရာကို ရမ်းကားရန်ပြုတာတွေ ဆက်တိုက် လုပ်ဆောင်နေပြီး လွန်ခဲ့တဲ့ လပိုင်းကလည်း အောင်မြေသာစံ ညောင်ကွဲရပ်ကွက်ရုံး ဗုံးထုခံရပြီးနောက် အသက်(၁၅)နှစ်အရွယ် အမျိုးသမီးငယ်တစ်ဦး အပါအဝင် လမ်းသွားလမ်းလာတွေကို ပစ်ခတ်သတ်ဖြတ် ခဲ့ပါသေးတယ်။
အဲ့ဒီ (၆၂)လမ်းပေါ်က သူနာပြုတက္ကသိုလ် ဂိတ်ပေါက်မှာ အစောင့်ကျနေတဲ့ စစ်အုပ်စု ဗုံးထုခံရတဲ့ ဖြစ်စဉ်မှာ စကစ တစ်ဦး သေတယ်လို့ မြို့ပြပြောက်ကျား တပ်ဖွဲ့တွေက ထုတ်ပြန်ပေမယ့် စစ်အုပ်စုဘက်ကတော့ ဘာမှ ထုတ်ပြန်တာ မရှိပါဘူး။
ဒါ့အပြင် ဒီကနေ့ မနက်ပိုင်းက (၆၂)လမ်းနဲ့ သိပ္ပံလမ်းထောင့်မှာ လမ်းသွားလမ်းလာတွေကို ဖမ်းဆီးငွေညှစ်နေတဲ့ စစ်အုပ်စု ဗုံးထုခံရပြီး စစ်ကောင်စီ လက်အောက်ခံ ရဲ၊ယာဉ်ထိန်းနဲ့ မီးသတ်တွေ လေးဦး ပြင်ဒထန်ဒဏ်ရာတွေ ရရှိသွားပါသေးတယ်။
Mandalay Free Press - MFP
No comments:
Post a Comment