တနင်္သာရီမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကိုစတင်ဖွဲ့စည်းပြီး စစ်ကောင်စီလက်အောက်ခံ အုပ်ချုပ်ရေးမှူးများ အမြန်ဆုံးနှုတ်ထွက်ကြရန် သတိပေး
တနင်္သာရီ၊ မတ် ၉
တနင်္သာရီမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကို ယမန်နေ့ (မတ်လ ၈ရက်)က စတင် ဖွဲ့စည်းခဲ့ပြီး တနင်္သာရီ မြို့နယ်အတွင်းရှိ မြိုနယ်စီမံအုပ်ချုပ်ရေးမှူးအဖွဲ့နှင့် ရပ် ကျေးအုပ်ချုပ်ရေးမှူးအားလုံး မတ်လအကုန်တွင် အမြန်ဆုံးနှုတ်ထွက်ကြရန် သတိပေးထုတ်ပြန်ထားသည်။
တနင်္သာရီမြို့နယ်၊ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကို အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ(CRPH)နှင့် တနင်္သာရီတိုင်းလွှတ်တော်ကိုယ်စားပြု ကော်မတီ CRTH) တို့၏ မူဝါဒ၊လမ်းညွှန်ချက်များနှင့်အညီ ဖွဲ့စည်းခဲ့ပြီးဖြစ်ကြောင်း မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ထုတ်ပြန်သည်။
တနင်္သာရီမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့သည် အမျိုးသားညီညွှတ်ရေးအစိုးရ၏ ကြားကာလပြည်သူ့အုပ်ချုပ် ရေးအစီအစဉ်များအရ ကျေးရွာအုပ်စုအသီးသီးတို့တွင် ရပ်ကျေးပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ ဖွဲ့စည်းဆောင်ရွက်ထားပြီး လိုအပ်သည့် အုပ်ချုပ်ရေးလုပ်ငန်းများဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
ယင်းအပြင် မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးသည် အကြမ်းဖက်စစ်ကောင်စီကို သတင်းပေး (သူလျှို) အဖြစ်ဆောင်ရွက်နေသူများကို အဆင့်ဆင့် ထုတ်ပြန်သတိပေးပြီးနောက် အရေးယူဆောင်ရွက်သွားမည်ဖြစ်သည်။
အာဏာလုစစ်ကောင်စီ၏ ဝင်ငွေရလမ်းကို အထောက်အကူဖြစ်စေသော စီးပွားရေးလုပ်ငန်းများ၊ ထုတ်ကုန်ပစ္စည်းများအား ဝယ်ယူ၊ ဖြန့်ဖြူး၊ ရောင်းချ၊ သယ်ယူခြင်းများ (လုံးဝ) ခွင့်မပြုရန် နှင့် လိုအပ်သလို ဖျက်ဆီးခြင်း၊သိမ်းယူခြင်း၊အခြားသော အုပ်ချုပ်မှုဆိုင်ရာနည်းလမ်းများဖြင့် အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း တနင်္သာရီမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ထုတ်ပြန်ထားသည်။
တနင်္သာရီမြို့နယ်အတွင်း အာဏာလုစစ် ကောင်စီလက်အောက်တွင် တာဝန်ထမ်းဆောင်လျှက်ရှိသော ဝန်ထမ်းများအနေဖြင့် အမြန်ဆုံးနှုတ်ထွက်ကြရန်နှင့် တာဝန်မှနှုတ်ထွက်ခြင်းမရှိပါက ရာထူး၊ တာဝန်အဆင့်အလိုက် အရေးယူဆောင်ရွက်မည်ဖြစ်ကြောင်း မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က သတိပေးသည်။
မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့သည် အုပ်ချုပ်ရေးဆိုင်ရာ လုပ်ငန်းများဆောင်ရွက်ရာတွင် အပြစ်ပေးအရေးယူရာ၌ သတိပေးခြင်း၊အုပ်ချုပ်မှုနည်းလမ်းအရဆောင်ရွက်ခြင်း၊နေအိမ်အား ချိတ်ပိတ်ခြင်း၊ကုန်ပစ္စည်းများအား ဖျက်ဆီးခြင်း၊သိမ်းယူခြင်းများကို စနစ်တကျ မှတ်တမ်းယူဆောင်ရွက်မည်ဖြစ်ကြောင်း ထုတ်ပြန်အသိပေးထားသည်။
Lu Nge Khit
No comments:
Post a Comment