အင်တာနက်ဖြတ်ပြီး ရွာအတွင်း အလစ်ဝင်စီးကာ ရွာသား ၈ ဦးကို အကြမ်းဖက်စစ်တပ် မီးရှို့သတ်ဖြတ်

Photo -ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၂၁ ရက်က ဒီပဲယင်း ကြခတ်ကျေးရွာကို စစ်ကောင်စီတပ်များ မီးရှို့စဥ် (ဒီပဲယင်းမြို့နယ်ညီနောင်များ)

အကြမ်းဖက်စစ်ကောင်စီတပ်က အင်တာနက်လိုင်း ဖြတ်တောက်၍ စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ် မင်းဆွေနှစ်ကျေးရွာကို ဝင်ရောက်စီးနင်းခဲ့ပြီးနောက် ရွာသား ၈ ဦးကို မီးရှို့သတ်ဖြတ်ခဲ့သည်ဟု ဒေသခံများထံမှ သိရသည်။

စစ်ကိုင်းတိုင်းဒေသကြီးအတွင်း၌ မတ်လ ၃ ရက် ညပိုင်းတွင် အင်တာနက်လိုင်းများ ဖြတ်တောက်ထားခဲ့ပြီး မတ်လ၄ရက် နံနက် ၄ နာရီခန့်တွင် အကြမ်းဖက်စစ်ကောင်စီတပ်များက မင်းဆွေနှစ်ကျေးရွာကို အလစ်ဝင်ရောက်စီးနင်းခဲ့ကြသည်။

“ပုံမှန်ဆိုရင်တော့ သူတို့ လှုပ်ရှားလာတာနဲ့ သတင်း သိရတယ်။ အခုက အင်တာနက်လိုင်းက ပိတ်ထားပြီး ဖုန်းလိုင်းက မိတစ်ချက်၊ မမိတစ်ချက် ဖြစ်နေတာရယ်၊ ဝင်လာတဲ့အချိန်က အိပ်နေကြတဲ့အချိန်ဆိုတော့ လျှပ်တပြတ် ဝင်စီးခံလိုက်ရတာ” ဟု ဒေသခံတစ်ဦးက သံလွင်ခက်ကို ပြောသည်။

ကား ၃ စီးဖြင့် ဝင်ရောက်လာသော အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များတွင် သတင်းပေးဒလန် ပါလာကာ နေအိမ်တစ်လုံးကို ဦးစွာ ဝင်ရောက်စီးနင်း၍ အထဲရှိ ရွာသားတချို့ကို မီးရှို့သတ်ဖြတ်ခဲ့ခြင်းဖြစ်သည်။

အဆိုပါနေအိမ်အား ဝင်ရောက်စီးနင်မှုများ ပြုလုပ်နေစဥ် ကျေးရွာရှိ အခြားပြည်သူများ ထွက်ပြေးတိမ်းရှောင်နိုင်ခဲ့ကြသည်ဟု သိရသည်။

“သူတို့က ဒလန်ပါလာတယ်လို့ ယူဆရတယ်ဗျ။ သတင်းတိတိကျကျရလို့ တပ်ဖွဲ့ဝင်တွေ ရှိတဲ့ နေအိမ်ကို ဝင်စီးပြီး ဖမ်းမိတဲ့ သူတွေကို မီးရှို့သတ်ဖြတ်သွားတာ။ ၂ ဦးကတော့ ထွက်ပြေးလွတ်မြောက်လာခဲ့တယ်” ဟု ဒီပဲယင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ် တာဝန်ရှိသူတစ်ဦးက သံလွင်ခက်ကိုပြောသည်။

အဆိုပါမီးရှို့သတ်ဖြတ်ခံလိုက်သည့် ရွာသား ၈ ဦးမှာ ဒီပဲယင်းမြို့နယ် ဂဠုန်တပ်တော်မှ တပ်ဖွဲ့ဝင်များဖြစ်သည်ဟုလည်း ၎င်းက ဆက်ပြောသည်။

ယမန်နေ့က စစ်ကောင်စီတပ်များ ဝင်ရောက်လာမှုကြောင့် မင်းဆွေနှစ်ကျေးရွာမှ ပြည်သူ တစ်ထောင်ကျော် ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်။

ထို့​ပြင် ရွှေဘိုမြို့နယ်ဘက်မှ ကူးလာသော အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ရေကြည်ဝကျေးရွာအနီးမှ ဒီပဲယင်းမြို့နယ် မူးကမ်းကျေးရွာကို လက်နက်ကြီးဖြင့်

ပစ်ခတ် ဝင်ရောက်ပြီး ကင်းတဲများကို မီးရှို့ဖျက်ဆီးကာ ဝင်ရောက်လာခဲ့သည့်အတွက် ပြည်သူရာပေါင်းများစွာ ဘေးလွတ်ရာ နေရာအသီးအသီးသို့ တိမ်းရှောင်ခဲ့ကြရသည်။

ယနေ့တွင်လည်း ဒီပဲယင်းမြို့နယ် ဝပါကျေးရွာကို စစ်ကောင်စီတပ်များက နေ့လယ် ၁ နာရီခန့်က ဝင်ရောက်၍ နေအိမ်များကိုမီးရှို့နေသည်ဟု ဒီပဲယင်းစစ်ဘေးရှောင်များအား ကူညီနေသူတစ်ဦးက ပြောသည်။


သံလွင်ခက် - Than Lwin Khet News

အင်တာနက်ဖြတ်ပြီး ရွာအတွင်း အလစ်ဝင်စီးကာ ရွာသား ၈ ဦးကို အကြမ်းဖက်စစ်တပ် မီးရှို့သတ်ဖြတ် အင်တာနက်ဖြတ်ပြီး ရွာအတွင်း အလစ်ဝင်စီးကာ ရွာသား ၈ ဦးကို အကြမ်းဖက်စစ်တပ် မီးရှို့သတ်ဖြတ် Reviewed by THITHTOOLWIN on 22:05 Rating: 5

No comments:

Powered by Blogger.