မတ် - ၈
စစ်ကိုင်းတိုင်း အရာတော်မြို့နယ် နောင်ကြီးအိုင်ရွာ ရဲစခန်းမှာ အထိုင်ချနေတဲ့ စစ်အုပ်စုကို မနေ့က မတ်(၇)ရက် မနက်ပိုင်းမှာ ရှော့တိုက်ဒုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ အရာတော်ဒေသ မြောက်ပိုင်းညီနောင်များ မဟာမိတ် တော်လှန်ရေး အင်အားစု (NBARS) က သတင်းထုတ်ပြန်သည်။
ပထမဆုံးအကြိမ် စမ်းသပ်ပစ်ခတ်တဲ့အနေနဲ့ ရှော့တိုက်ဒုန်း (၄)လုံး ပစ်ခတ်ခဲ့ရာမှာ (၃)လုံးက အောင်မြင်စွာနဲ့ ရန်သူ စစ်အုပ်စုရှိရာ နောင်ကြီးအိုင်ရဲစခန်းထဲ ကျရောက် ပေါက်ကွဲခဲ့တယ်လို့ မြောက်ပိုင်းညီနောင်များ မဟာမိတ် တော်လှန်ရေး အင်အားစု (NBARS) ဗိုလ်မိုးသီးက MFP ကို ပြောပါတယ်။
"မထမဆုံးတစ်ချီ စမ်းသပ်ပြီးတော့ ပစ်တာဆိုတော့ နေရာအတိအကျ မခန့်မှန်းနိုင်ဘူး ဖြစ်သွားတာ၊ စခန်းအရှေ့ထိပ် ကျသွားတယ်၊ မြောက်ထိပ်ကျတယ်၊ အနောက်ထိပ်ကျတယ်၊ သူတို့ ခေါင်းပတ်တီးစီးတွေနဲ့ ဒဏ်ရာရလို့ ဆေးကုနေရတယ်လို့တော့ သတင်းရတယ်"လို့ ဗိုလ်မိုးသီးက ပြောပါတယ်။
အဲ့ဒီ ပစ်ခတ်မှုကို အရာတော်မြို့နယ် မြောက်ပိုင်းညီနောင်များ မဟာမိတ်တော်လှန်ရေး အင်အားစု (NBARS) က မဟာမိတ်အဖွဲ့ဝင် အရာတော် ဗိုလ်မိုးသီးအဖွဲ့နှင့် ဒီပဲယင်းမြို့နယ် ဂဠုန် တပ်တော် တပ်ရင်း (တပ်ရင်း-၂) ပူးပေါင်းအဖွဲ့က လုပ်ဆောင်ခဲ့တာဖြစ်ပြီး တော်လှန်ရေး ရဲဘော်တွေ အထိအခိုက် မရှိ အောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့တယ်လို့ ဆိုပါတယ်။
ရှော့တိုက်ဒုန်း ကျရောက်ပေါက်ကွဲပြီးနောက် စစ်အုပ်စုက သေနတ်နဲ့ ပြန်လည် ရမ်းကားပစ်ခတ်ခဲ့သလို မူးရူးသောင်းကျန်းပြီး နောင်ကြီးအိုင် ရဲစခန်းအနီးက အောင်သုခကျေးရွာဘက် တောနင်းရှာဖွေတာ၊ အောင်သုခရွာ မြောက်ဘက်က ယာတဲတွေကို မီးရှို့သောင်းကျန်း ဖျက်ဆီးတာတွေ လုပ်ဆောင်ခဲ့တယ်လို့ ဆိုပါတယ်။
စစ်အုပ်စုက ရမ်းကား ရန်ပြုနေလို့ အောင်သုခကျေးရွာက ဒေသခံတချို့ ရွာထဲ မနေရဲတော့ဘဲ ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့လည်း ဒေသခံတွေက MFP ကို ပြောပါတယ်။
အရာတော်နယ်က နောင်ကြီးအိုင်ရဲစခန်းမှာ ပျူတွေ အပါအဝင် စစ်အုပ်စု အထိုင်ချ သောင်းကျန်းနေပြီး အနီးအနားက ရွာတွေကို ရွာစဉ်ပတ်မွှေ အကြမ်းဖက် စီးနင်းတာ၊ နေအိမ်မီးရှို့တာ၊ ဓားပြတိုက်ခိုးယူလုယက်တာ၊ လမ်းသွားလမ်းလာတွေကို ဖမ်းဆီးငွေညှစ်တာ၊ အမျိုးသမီးတွေအပေါ် မဖွယ်မရာပြုကျင့်တာ စတာတွေကို ကျူးလွန်နေပါတယ်။ ဒါ့အပြင် ခိုးရာပါ ပစ္စည်းတွေနဲ့ သုံးဖြုန်းသောက်စားပြီး မူးရူးရမ်းကား ဆဲဆိုတာ၊ စခန်းထဲကနေ လော်စပီကာနဲ့ သီချင်းဆိုတာ စတဲ့ မထီမဲ့မြင် လုပ်ရပ်တွေလည်း လုပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
စစ်အုပ်စုဟာ အရာတော်မြို့နယ် အပါအဝင် စစ်ကိုင်းတိုင်း မြို့နယ်အများအပြားကို အင်တာနက်ဖြတ်တောက်ပြီး ကျေးရွာတွေကို အကြမ်းဖက် စီးနင်းကာ လူသတ်တာ၊ ဓားပြတိုက်တာ၊ နေအိမ်မီးရှို့တာ၊ အဓမ္မပြုကျင့်တာ၊ အနိုင်ကျင့်နှိပ်စက်တာတွေကို ထင်တိုင်းကျဲ ကျူးလွန်နေပါတယ်။
Mandalay Free Press - MFP
No comments:
Post a Comment