ယင်းမာပင်မြို့ပေါ် ဘုန်းကြီးကျောင်းမှာ စစ်ဘေးရှောင်ခိုလှုံနေသူ (၂၀)ကျော် ဖမ်းဆီးခံရ၊

မတ် - ၂၂ 

စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ်အတွင်း ထင်တိုင်းကျဲ သောင်းကျန်းနေတဲ့ စစ်အုပ်စုဟာ ယင်းမာပင်မြို့ပေါ် ဘုန်းကြီးကျောင်း တစ်ကျောင်းမှာ စစ်ဘေးရှောင်ခိုလှုံနေတဲ့ ဒေသခံ အရပ်သားပြည်သူ (၂၀)ကျော်ကို ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။ 

ယင်းမာပင်မြို့ပေါ်က ဘုန်းကြီးကျောင်းတစ်ကျောင်းမှာ စစ်ဘေးရှောင်ခိုလှုံနေသူ အမျိုးသား (၂၀)ကျော်ကို စစ်အုပ်စုက မနေ့က မတ်(၂၁)ရက် ညနေပိုင်းမှာ ဝင်ရောက်ဖမ်းဆီးတာ ဖြစ်ပြီး ဖမ်းဆီးခံရသူတွေဟာ ယင်းမာပင်မြို့ပေါ်နဲ့ ယင်းမာပင်နယ် ကျေးရွာတွေက ဒေသခံတွေ ဖြစ်တယ်လို့ ဆိုပါတယ်။

အရင်ကလည်း အဲ့ဒီ ဘုန်းကြီးကျောင်းမှာ စစ်ဘေးတိမ်းရှောင်နေကြဖြစ်ပေမယ့် ဒီတစ်ကြိမ်မှာတော့ စစ်အုပ်စုက ကျောင်းထဲဝင်ပြီး ဖမ်းဆီးသွားတာလို့ နီးစပ်သူတစ်ဦးက ဆိုပါတယ်။

"ဖမ်းခံရတဲ့ ဦးရေ ၂၁ နဲ့ ၂၅ ယောက်ကြားလို့တော့ ပြောတယ်။ လောလောဆယ်တော့ ပြန်လွှတ်တာတွေဘာတွေတော့ မကြားသေးဘူးဗျ။ သူတို့ထင်တဲ့သူ လောက်ပဲ ရဲစခန်းထဲ ခေါ်စစ်နိုင်တယ်။ မဟုတ်လို့ရှိရင် သူတို့တပ်စွဲတဲ့ စာသင်ကျောင်းထဲတို့ စိုက်ပျိုးရေးရုံးတို့ သူတို့ စခန်းချတဲ့နေရာမှာ စစ်ဆေးနိုင်တယ်"ဟုဒေသခံတစ်ဦးက ပြောပါတယ်။ 

ဖမ်းဆီးခံရသူတွေနဲ့ ပတ်သက်လို့ အသေးစိတ် အချက်အလက်တွေကိုတော့ MFP အနေနဲ့ မသိရသေးပါဘူး။  စစ်အုပ်စုဟာ အရင်ကလည်း စစ်ဘေးရှောင်တွေကို ဖမ်းဆီးတာ၊ သတ်ဖြတ်တာ၊ အသေခံလူသားဒိုင်းအဖြစ် အသုံးချတာတွေ လုပ်ဆောင်ခဲ့ဖူးပါတယ်။

စစ်အုပ်စုဟာ ပြီးခဲ့တဲ့ မတ်(၈)ရက်ကလည်း ယင်းမာပင်မြို့နယ် လက်ပံတောရွာ ဘုန်းကြီးကျောင်းမှာ စစ်ဘေးရှောင် ခိုလှုံနေတဲ့ အသက်(၁၀)နှစ်အောက် ကလေးငယ်နှစ်ဦး အပါအဝင် စစ်ဘေးရှောင်ပြည်သူ (၁၂)ဦးကို သတ်ဖြတ်ခဲ့ပါသေးတယ်။

လက်ရှိမှာ စစ်ကောင်စီက စစ်ကိုင်းတိုင်းက မြို့နယ် အများအပြားကို အင်တာနက် ဖြတ်တောက်ပြီး ကျေးရွာတွေကို အကြမ်းဖက် စီးနင်းတာ၊ လူသတ်တာ၊ ဓားပြတိုက်လုယက်တာ၊ အဓမ္မပြုကျင့်တာ၊ နေအိမ်မီးရှိ့တာ၊ ဖမ်းဆီးနှိပ်စက်တာတွေ ထင်တိုင်းကျဲ ကျူးလွန်နေတယ်လို့ ဒေသခံတွေက ပြောတယ်။


Mandalay Free Press - MFP

ယင်းမာပင်မြို့ပေါ် ဘုန်းကြီးကျောင်းမှာ စစ်ဘေးရှောင်ခိုလှုံနေသူ (၂၀)ကျော် ဖမ်းဆီးခံရ၊ ယင်းမာပင်မြို့ပေါ် ဘုန်းကြီးကျောင်းမှာ စစ်ဘေးရှောင်ခိုလှုံနေသူ (၂၀)ကျော် ဖမ်းဆီးခံရ၊ Reviewed by THITHTOOLWIN on 22:05 Rating: 5

No comments:

Powered by Blogger.