စစ်တပ်က လေကြောင်းသုံးတိုက်ခိုက်နေတဲ့ ဒီးမော့ဆိုမှာ ဒေသခံ ၄ သောင်းကျော် စစ်ဘေးရှောင်နေရ

ဒီးမော့ဆို၊ မတ် ၁၀၊ ၂၀၂၂။

ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်အတွင်းမှာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၃ ရက်ကနေ မတ်လ ၉ ရက် မနေ့ကအထိ စစ်ကောင်စီနဲ့ ဒေသခံကာကွယ်ရေးတပ်တို့ နေ့စဥ်မပြက် တိုက်ပွဲဖြစ်ပွားခဲ့တာကြောင့် သောင်းနဲ့ချီတဲ့ဒေသခံတွေ နေအိမ်ကနေ စွန့်ခွာထွက်ပြေးနေရပါတယ်။ 

တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က အင်းအားသုံးထိုးစစ်ဆင်တာတွေနဲ့ လေကြောင်းသုံးဗုံးကြဲတိုက်ခိုက်တာတွေပါလုပ်ဆောင်ခဲ့ပြီး၊ ကျေးရွာတွေကိုလည်း မီးရှို့ဖျက်ဆီးတာတွေလုပ်တာကြောင့် ဒေသခံတွေထွက်ပြေးနေကြရပြီး၊ လက်ရှိအချိန်မှာ ဒီးမောဆိုမြို့နယ်အတွင်း စစ်ဘေးရှောင်နေရသူ ၄ သောင်းကျော်ရှိနေပြီလို့  ပြည်သူ့ကာကွယ်ရေးတပ်-ဒီးမော့ဆိုမြို့ တာဝန်ခံက ပြောပါတယ်။ 

"ပြီးခဲ့တဲ့လ ၁၆ ရက်နေ့မတိုင်ခင်တုန်းကစစ်ဘေးရှောင် ၂ သောင်း ၆ ထောင်ကျော်ရှိတယ်။ အခုကြတော့ စစ်‌ပွဲတွေပြင်းထန်လာတဲ့အတွက် ဒီဘက်မှာစစ်ဘေးရှောင်ရတာ ၄ သောင်း ၂ ထောင်ရှိပါပြီ၊ ကျေးရွာပြည်သူတွေရဲ့ကျန်းမာရေးစောင့်ရှောက်မှုက အဆင်မပြေဘူးဖြစ်နေတယ်။ ကျနော်တို့စောင့်ရှောက်မှုပေးတဲ့ ဆေးပေးခန်းနေရာတိုင်းကို စစ်ကောင်စီက ပစ်ခတ်မှုတွေလုပ်နေတယ်။ ဆေးကုသတဲ့နေရာ ဆေးပေးခန်းတွေကို စစ်ကောင်စီကလေယာဉ်နဲ့ဗုံးလာကျဲတာ"လို့ သူက ပြောပါတယ်။ 

ဒေါငံခါး၊ ဒေါကမီး၊ ဆီးလီဒုန်း၊ စည်လင်း၊ စောဒူလာကျေးရွာတွေအပြင် စုစုပေါင်းကျေးရွာအုပ်စု ၁၅ အုပ်စုက  ဒေသခံတွေ တိမ်းရှောင်နေကြရပြီး၊ လက်ရှိအချိန်မှာ ကျန်းမာရေးစောင့်ရှောက်မှုအပြင် အစားအစာနဲ့ ဆေးဝါးတွေကိုလည်း  အဓိက လိုအပ်လျှက် ရှိနေတယ်လို့  ပြည်သူ့ကာကွယ်ရေးတပ်-ဒီးမော့ဆိုမြို့ တာဝန်ခံက ဆက်ပြောပါတယ်။ 

ဒီ ၂၅ ရက်ကြာ တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က ၁၀၀ ကျော်သေဆုံးပြီး၊  PDF ရဲဘော် ၄ ဦးကျဆုံးခဲ့ကာ စစ်ကောင်စီရဲ့ဗုံကြဲတိုက်ခိုက်မှုကြောင့် ပြည်သူ ၅ ဦးလည်း သေဆုံးခဲ့တယ်လို့ သိရပါတယ်။ 

မတ်လ ၁၀ ရက်ဒီနေ့မနက် ၆ နာရီကလည်း ဒေါင်းငံခါးရွာက အိုမင်းမစွမ်းသီလရှင်ကျောင်းကို တိုက်လေယာဥ် ၁ စီး၊ ကင်းထောက်လေယာဥ် ၁ စီးနဲ့ ၈ ကြိမ်တိုက်ခိုက်ခဲ့တယ်လို့ သိရပြီး၊ ထိခိုက်ဒဏ်ရာရသူရှိ၊ မရှိနဲ့ ပျက်ဆီးဆုံးရှုံးမှုအခြေအနေတွေကိုတော့ မြေလတ်အသံက ဆက်လက်စုံစမ်းနေဆဲပါ။ 

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်ကနေ ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီ ၂၈ ရက်နေ့အထိ ကရင်နီပြည်နယ်အတွင်း စစ်ကောင်စီနဲ့ တိုက်ပွဲ ၁၈၇ ကြိမ်ဖြစ်ပွားပြီး၊ စစ်ကောင်စီဘက်က သေဆုံးသူ ၇၉၀ ဦး၊ PDF နဲ့ လက်နက်ကိုင်တပ်ဖွဲ့ဝင် ၈၇ ဦးသေဆုံးကာ စစ်ရှောင်ပြည်သူတွေထဲက ၁၆ ဦးသေဆုံး ခဲ့တယ်လို့ တိုးတက်သောကရင်နီပြည်သူ့အင်အားစု - PKPF က သတင်းထုတ်ပြန်ထားပါတယ်။ 


မြေလတ်အသံ - Myaelatt Athan 

စစ်တပ်က လေကြောင်းသုံးတိုက်ခိုက်နေတဲ့ ဒီးမော့ဆိုမှာ ဒေသခံ ၄ သောင်းကျော် စစ်ဘေးရှောင်နေရ စစ်တပ်က လေကြောင်းသုံးတိုက်ခိုက်နေတဲ့ ဒီးမော့ဆိုမှာ ဒေသခံ ၄ သောင်းကျော် စစ်ဘေးရှောင်နေရ Reviewed by THITHTOOLWIN on 18:35 Rating: 5

No comments:

Powered by Blogger.