မတ် - ၄
မန္တလေးတိုင်း မတ္တရာမြို့နယ်အတွင်း ဆိုင်ကယ်များဖြင့် ရွာစဉ်ပတ်မွှေ သောင်းကျန်းနေသော အင်အား(၂၄)ဦးပါ စစ်အုပ်စုကို ယနေ့ မနက်ပိုင်းတွင် မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စကစ (၁၂)ဦး သေပြီး ကျန်(၁၂)ဦးလည်း ထိခိုက်ဒဏ်ရာရကြောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ - မတ္တရာမြို့နယ် (ပကဖ-မတ္တရာ) က သတင်း ထုတ်ပြန်သည်။
ယနေ့ မတ်(၄)ရက် မနက်(၁၀)နာရီကျော်က မတ္တရာနယ်အတွင်း ရွာစဉ်ပတ်မွှေနေသော စစ်အုပ်စုကို ကျောက်ဆည်လေးရွာနှင့် ကင်းကျေးရွာကြားတွင် ပကဖ-မတ္တရာနှင့် Mandalay People’s Defence Force တို့ ပူးပေါင်း၍ မိုင်းဆွဲတိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။
“မိုင်းဆွဲတိုက်ခိုက်မှု အပြီးတွင် မိနစ်အနည်းငယ်ကြာအောင် အပြန်အလှန် ပစ်ခတ်မှု ဖြစ်ပွားခဲ့ပါသည်။ စကစဘက်မှ (၁၂)ဦး ကျဆုံးကာ ကျန်(၁၂)ဦးမှာ ပြင်းထန်စွာ ဒဏ်ရာရရှိပြီး ပကဖ- မတ္တရာ တပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ အောင်မြင်စွာ ဆုတ်ခွာလာနိုင်ခဲ့သည်ဟု” ဟု ပကဖ- မတ္တရာက ဖော်ပြသည်။
မိုင်းဆွဲခံရသော စစ်အုပ်စုသည် မတ္တရာမြို့နယ် အင်ကြင်းမြိုင် လေကြောင်းရန် ကာကွယ်ရေးတပ်မှ ဖြစ်ပြီး မတ္တရာမြို့နယ် အရှေ့ပိုင်းသို့ ရောက်ရှိလာကာ ရွာစဉ်ပတ်မွှေ သောင်းကျန်းနေခြင်း ဖြစ်ကြောင်း ပကဖ -မတ္တရာ က ဆိုသည်။
စစ်အုပ်စု အသေအပျောက် အခြေအနေနှင့် ပတ်သက်၍ MFP အနေဖြင့် သီးခြား အတည်ပြုနိုင်ခြင်း မရှိသေးပါ။
အဆိုပါ စစ်အုပ်စုသည် ပြီးခဲ့သည့် နှစ်ရက်သုံးရက်ခန့်မှ စတင်ကာ မတ္တရာမြို့နယ် သဖန်းကိုင်းရွာအနီးဝန်းကျင် သောင်းကျန်းနေသဖြင့် ရွာသူရွာသားများ ထွက်ပြေးနေရသည်ဟု ဒေသခံများက ပြောသည်။
မတ္တရာနယ်အတွင်း ကျေးရွာများသို့ စစ်အုပ်စုက မကြာခဏ စီးနင်းဝင်ရောက် သောင်းကျန်းကာ လူသတ်၊ ခိုးယူလုယက်၊ နေအိမ်မီးရှို့၊ ဖမ်းဆီးနှိပ်စက် ငွေညှစ်ခြင်းများ ကျူးလွန်လျှက်ရှိသည်။
Mandalay Free Press - MFP
No comments:
Post a Comment