ပုလဲနယ် ဇီးဖြူကုန်းရွာခံတွေကို မြတ်ကျော်နဲ့ သန်းထိုက်တို့က ထောက်ပံ့ပေးနေစဉ်/Photo - S |
မတ် - ၁၀
စစ်ကိုင်းတိုင်း စကစ ဝန်ကြီးချုပ် မြတ်ကျော်နဲ့ နမခ တိုင်းမှူး သန်းထိုက်တို့ မကြာခဏ သွားရောက်ပြီး အားပေးအားမြှောက် လုပ်နေတဲ့ ပုလဲမြို့နယ် ဇီးဖြူကုန်းရွာက ပျူစောထီးအုပ်စုဟာ ဒီကနေ့ ည(၈)နာရီလောက်က စတင်ပြီး အနီးအနားက နှောရိုးကျေးရွာကို မီးတင်ရှို့ ဖျက်ဆီးနေတယ်လို့ ဒေသခံတွေက ဆိုပါတယ်။
ဒီကနေ့ မတ်(၁၀)ရက် မနက်(၁၀)နာရီလောက် စတင်ပြီး ပုလဲမြို့နယ် ဇီးဖြုကုန်းကျေးရွာက စကစနဲ့ ပျုစောထီး အင်အား(၁၀၀)လောက်ဟာ နှောရိုးကျေးရွာဘက်ကို စစ်ကြောင်းထိုးလာပြီး ည(၈)နာရီက စလို့ နှောရိုးကျေးရွာကို မီးရှို့ဖျက်ဆီးနေတာလို့ ယင်းမာပင်မြို့နယ် သတင်းမှန်ပြန်ကြားရေးက ဖော်ပြပါတယ်။
နှောရိုးရွာအတွင်း မီးရှို့ဖျက်ဆီးခံရတဲ့ အခြေအနေ အသေးစိတ်ကိုတော့ MFP အနေနဲ့ မသိရသေးပါဘူး။
ဇီးဖြူကုန်းရွာဟာ ပျူစောထီး အခြေစိုက်စခန်း တည်ရှိရာ ရွာဖြစ်ပြီး အဲ့ဒီရွာကို စစ်ကိုင်းတိုင်း စကစ ဝန်ကြီးချုပ် မြတ်ကျော်နဲ့ နမခတိုင်းမှူး သန်းထိုက်တို့ မကြာခဏ လာရောက်ပြီး အားပေးအားမြှောက် လုပ်သလို လက်နက်ရိက္ခာတွေကိုလည်း ထောက်ပံ့ထားတယ်လို့ ဒေသခ့တွေက ပြောပါတယ်။
အဲ့ဒီ ဇီးဖြူကုန်းရွာက ပျူအုပ်စုဟာ အနီးအနားက ရွာတွေကို ထင်တိုင်းကျဲ အနိုင်ကျင့် သောင်းကျန်းနေပြီး ရွာတွေကို ဝင်စီး လုယက်တာ၊ ဒေသခံ အချင်းချင်း ဖမ်းဆီးနှိက်စက် သတ်ဖြတ်တာတွေလည်း လုပ်နေတယ်လို့ ဆိုပါတယ်။ ပြီးခဲ့တဲ့ ဖောဖေါ်ဝါရီ လလယ်ပိုင်းကလည်း ဇီးဖြူကုန်းရွာက ပျူအုပ်စုဟာ အနီးအနားက အိမ်ခြေ(၄၀၀)လောက်ရှိတဲ့ ချောင်းဦးရွာကို အကြမ်းဖက် စီးနင်းပြီး ရွာလုံးကျွတ် မီးရှို့ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
လက်ရှိမှာ စစ်အုပ်စုက စစ်ကိုင်းတိုင်းအတွင်း သူတို့အခြေစိုက်တဲ့ မုံရွာ၊ ရွှေဘို၊ ကလေးနဲ့ စစ်ကိုင်းမြျိ့က လွဲပြီး ကျန်တဲ့ မြို့နယ်တွေ အားလုံးကို အင်တာနက် ဖြတ်တောက်ထားပြီး ကျေးရွာတွေကို အကြမ်းဖက်စီးနင်းတာ၊ လူသတ်တာ၊ ဓားပြတိုက်လုယက်တာ၊ နေအိမ်မီးရှို့တာ၊ အဓမ္မပြုကျင့်တာ၊ ဖမ်းဆီးနှိပ်စက်တာတွေ ထင်တိုင်းကျဲ ကျိူးလွန်နေပါတယ်။
Mandalay Free Press - MFP
No comments:
Post a Comment