အင်အားအလုံးအရင်းဖြင့် ထိုးစစ်ဆင်လာသော အကြမ်းဖက်စစ်တပ်ကို ဒီးမော့ဆို PDF နှင့် ပူးပေါင်းအဖွဲ့များ တိုက်ခိုက်မှုကြောင့် ၁၀ ဦးထက်မနည်း သေဆုံး
မဲခေါင်၊ ဖေဖော်ဝါရီ ၂၃
ကယားပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်သို့ ဖေဖော်ဝါရီလ ၂၂ ရက်က အင်အားအလုံးအရင်းဖြင့် ထိုးစစ်ဆင်လာသော အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ကို ဒီးမော့ဆိုPDFနှင့် ပူးပေါင်းအဖွဲ့များ တိုက်ခိုက်မှုကြောင့် ၁၀ဦးထက်မနည်းသေဆုံးခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်-ဒီးမော့ဆိုက ယနေ့၌ ထုတ်ပြန်ကြေညာထားသည်။
ဒီးမော့ဆိုမြို့နယ်၊ လီဝိုးကျေးရွာအနီးနှင့် ဝီသဲကူးကျေးရွာသို့ ထိုးစစ်ဆင်လာသည့် အကြမ်းဖက်စစ်တပ်ကို ပြည်သူ့ကာကွယ်ရေးတပ်-ဒီးမော့ဆို (DMO-Local PDF)၊ လွိုင်ကော်(PDF)၊ KNDF၊ KA နှင့် အခြားတော်လှန်ရေးတပ်ဖွဲ့များ ပူးပေါင်းတိုက်ခိုက်ခဲ့ကာ တိုက်ပွဲပြင်းထန်ခဲ့သည်ဟု ယင်းထုတ်ပြန်ချက်၌ ဖော်ပြထားသည်။
ယင်းတိုက်ပွဲအတွင်း အကြမ်းဖက်စစ်တပ်မှ ညနေ(၃)နာရီအချိန်တွင် ရဟတ်ယာဉ်(၁)စီးဖြင့် (၅)ကြိမ်ခန့် ပစ်ကူတိုက်ခိုက်ခဲ့သည့်အပြင် ညနေ(၄)နာရီအချိန်တွင် တိုက်လေယာဉ်(၂)စီးဖြင့် (၇)ကြိမ်ထက်မနည်း ဗုံးကြဲ တိုက်ခိုက်ခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်-ဒီးမော့ဆို၏ ထုတ်ပြန်ချက်၌ ပါရှိသည်။
အဆိုပါတိုက်ပွဲတွင် အကြမ်းဖက်စစ်ကောင်စီတပ်ဖက်က(၁၀)ဦးထက်မနည်း သေဆုံးခဲ့ပြီး ထိခိုက်ဒဏ် ရာ ရရှိမှုများရှိခဲ့သော်လည်း ပြည်သူ့ကာကွယ်ရေးတပ်-ဒီးမော့ဆို(DMO-Local PDF)ကမူ ထိခိုက်ဒဏ်ရာရရှိမှုမရှိဘဲ ခုခံတိုက်ခိုက်နိုင်ခဲ့ကြောင်း အဆိုပါထုတ်ပြန်ချက်၌ ဖော်ပြထားသည်။
ဒီးမော့ဆိုမြို့နယ်တိုက်ပွဲတွင် (၇)ရက်နေ့မြောက်ဆက်လက်ပြင်းထန်နေပြီး အကြမ်းဖက်စစ်ကောင်စီတပ်မှ လေကြောင်းကို ရက်ပြတ်မှုမရှိ ဗုံးကြဲတိုက်ခိုက်ခဲ့သလို မိုးဗြဲအခြေစိုက်(ခမရ-၄၂၂)တပ်၊ လွိုင်ကော်အခြေစိုက်(ခလရ-၂၅၀)တပ်နှင့် ဒီးမော့ဆိုအခြေစိုက်(ခမရ-၄၂၇) တပ်တို့မှ တာဝေးပစ်အမြောက်များအသုံးပြုကာ ပစ်ကူတိုက်ခိုက်ခဲ့သည်ဟုလည်း သိရသည်။
MeKong News - မဲခေါင်သတင်း
No comments:
Post a Comment