CDM ဝန်ထမ်းများဖယ်ပေးရသည့် ဝန်ထမ်းအိမ်ယာများကို စစ်တပ်အသိုင်းအဝိုင်း အပြိုင်လုနေ


မဲခေါင်၊ ဖေဖော်ဝါရီ ၂၅

အာဏာဖီဆန်လှုပ်ရှားမှု(CDM)တွင် ပါဝင်ခဲ့ကြသော နိုင်ငံ့ဝန်ထမ်းများ နေထိုင်ခဲ့သည့် တောင်ကြီးမြို့ရှိ ဝန်ထမ်းအငှားအိမ်ယာများကို စစ်တပ်မိသားစုဝင်များ၊ စစ်တပ်အသိုင်းအဝိုင်းနှင့် နီးစပ်သူများက အပြိုင်အဆိုင်လုလျှောက်ကာ နေထိုင်လျက်ရှိကြောင်း ရှမ်းပြည်နယ်ဌာနဆိုင်သတင်းရင်းမြစ်များထံမှ သိရသည်။

CDM ဝန်ထမ်းများ ဖယ်ရှားပေးရသည့်အတွက် လစ်လှပ်နေသည့် ဝန်ထမ်းအငှားအိမ်ယာများကို လက်ရှိ NON CDMဝန်ထမ်းများအား ပြန်လည်နေရာချပေးခြင်းမရှိဘဲ စစ်တပ်နှင့်ပါတ်သက်သည့် မိသားစုဝင်များက ရယူလျှောက်ထားပြီး ဝင်ရောက်နေထိုင်လျက်ရှိကြောင်း ရှမ်းပြည်နယ်မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနနှင့် နီးစပ်သည့် သတင်းရင်းမြစ်တစ်ဦးက မဲခေါင်ကို ပြောသည်။

“ရှေ့လတုန်းကဆိုရင် စစ်တပ်နဲ့ပါတ်သက်တဲ့သူတွေ အပြိုင်အဆိုင်လာလျှောက်တယ်။ လူကြီးနဲ့ ပိုင်တဲ့လူတွေကိုပဲ လက်သိပ်ထိုးပြီး ပေးတယ်။ စစ်တပ်နဲ့ နီးစပ်တဲ့ Non CDM တွေ လုပ်ချင်တိုင်းလုပ်နေတယ်။ တချို့Non CDMတွေက ဘယ်လောက်ထိလဲဆိုရင် အရင်တုန်းက ဌာနထဲမှာ အဆင်မပြေမှုတွေရှိခဲ့တဲ့ CDMဝန်ထမ်းတွေကို သတင်းပေးပြီး ဖမ်းခိုင်းတာတောင် ရှိတယ်”ဟု လုံခြုံရေးအရ အမည်မဖော်လိုသည့် အဆိုပါသတင်းရင်းမြစ်က ပြောသည်။

၎င်းဝန်ထမ်းအငှားအိမ်ယာများကို လက်ရှိအချိန်၌ NON CDMဝန်ထမ်းအကြီးပိုင်းများနှင့် စစ်တပ်မိသားစုဝင်များသာ ရယူနေထိုင်လျက်ရှိပြီး အချို့ကလည်း မိမိနေအိမ်များ၌သာ နေထိုင်ကာ ၎င်းတို့ရယူထားသည့် အငှားအိမ်ယာတိုက်ခန်းများကို ပြင်ပသို့ ပြန်လည်အငှားချထားကြောင်း CDM ဝန်ထမ်းတစ်ဦးက ပြောသည်။

“တချို့က ကိုယ်လည်းမနေဘူး။  ပြင်ပအရပ်သားတွေကို ပြန်ငှားစားတာတွေ ရှိတယ်” ဟု ၎င်းက ပြောသည်။

တောင်ကြီးမြို့တွင် ဝန်ထမ်းအငှားအိမ်ယာ ၁၈လုံးရှိပြီး တစ်လုံးလျှင် အခန်း ၂၀ရှိကာ တစ်လလျှင် ကျပ် ၄၂၀၀၀ဖြင့် အိုးအိမ်ဦးစီးဌာနက ဝန်ထမ်းများကို ငှားရမ်းထားခြင်း ဖြစ်သည်။

တောင်ကြီးမြို့အပါအဝင် နိုင်ငံတဝန်းလုံးရှိ CDMဝန်ထမ်းများသည် အလုပ်မှထုတ်ပယ်ခံရကာ ဝန်ထမ်းအိမ်ယာများမှလည်း ဖယ်ရှားခံခဲ့ရသလို အချို့မှာ စစ်ကောင်စီ၏ ဖမ်းဆီးခြင်းကို ခံထားရပြီး အခက်အခဲများစွာ ရင်ဆိုင်နေကြရသည်။ အချို့မှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များထံ ဝင်ရောက်ကာ အကြမ်းဖက်အာဏာသိမ်းစစ်ကောင်စီအား ခုခံတွန်းလှန်လျက်ရှိသည်။


MeKong News - မဲခေါင်သတင်း

CDM ဝန်ထမ်းများဖယ်ပေးရသည့် ဝန်ထမ်းအိမ်ယာများကို စစ်တပ်အသိုင်းအဝိုင်း အပြိုင်လုနေ CDM ဝန်ထမ်းများဖယ်ပေးရသည့် ဝန်ထမ်းအိမ်ယာများကို စစ်တပ်အသိုင်းအဝိုင်း အပြိုင်လုနေ Reviewed by THITHTOOLWIN on 23:04 Rating: 5

No comments:

Powered by Blogger.