ကောလင်း၌ CDM ဝန်ထမ်း အပါအဝင် ဒေသခံလေးဦးကို စစ်အုပ်စုက သတ်ဖြတ်၊ အမျိုးသမီး နှစ်ဦးကို မသတ်မီ စစ်အုပ်စုက အဓမ္မပြုကျင့်ဟုဆို

စစ်အုပ်စုက လက်နက်ကြီးဖြင့် ရမ်းကားပစ်ခတ်ကာ ဖျက်ဆီးခဲ့သည့် ကောလင်းမြို့နယ် ဥမင်ကုန်းရွာရှိ နေအိမ်တစ်လုံး/Photo – KR-Team

MFP ၊ ဖေဖေါ်ဝါရီ - ၂၄

စစ်ကိုင်းတိုင်း ကောလင်းမြို့နယ် ကျောက်ပြင်သာကျေးရွာအုပ်စု မင်းကုန်းရွာ၌ CDM ဝန်ထမ်း အမျိုးသမီး အပါအဝင် ဒေသခံ အမျိုးသားနှစ်ဦးနှင့် အမျိုးသမီးနှစ်ဦး စုစုပေါင်း လေးဦးကို စစ်အုပ်စုက ဖေဖေါ်ဝါရီ(၂၂)ရက်တွင် လက်ပြန်ကြိုးတုပ်ကာ ပစ်ခတ်သတ်ဖြတ်ခဲ့ကြောင်း ကောလင်း တော်လှန်ရေးအဖွဲ့ - KT Team က ဖော်ပြသည်။

အဆိုပါ အသတ်ခံရသူ လေးဦးအနက် အမျိုးသမီး နှစ်ဦးကို စစ်အုပ်စုက အဓမ္မပြုကျင့် သတ်ဖြတ်သွားခြင်း ဖြစ်သည်ဟု သတင်းများ ထွက်ပေါ်နေကြောင်း ဒေသခံတစ်ဦးက MFP သို့ ပြောသည်။

“သူတို့ သတ်ခဲ့တဲ့အထဲမှာ မိန်းခလေး နစ်ဦးကိုတော့ အဓမ္မပြုကျင့်ပြီး သတ်သွားတာလို့ ကနဦး သိရပါတယ်။ ခွေးတွေ အဲ့ဒီရွာဘက်ကို စစ်ကြောင်းထိုးလာပြီး ပြန်ထွက်သွားချိန် လူစစ်ရင်းနဲ့မှ အလောင်းတွေက တွေ့တာပါ” ဟု ဒေသခံတစ်ဦးက ဆိုသည်။

ထိုသို့ အဓမ္မပြုကျင့် သတ်ဖြတ်ခံရသည်ဟု သတင်းထွက်နေသော သေဆုံးသူ အမျိုးသမီးနှစ်ဦးအနက် တစ်ဦးသည် CDM တွင် ပါဝင်သည့် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ စာရေးမ တစ်ဦး ဖြစ်ကြောင်းလည်း  KR Team က ဆိုသည်။

‘ထွေအုပ်စာရေးမက CDM လုပ်ဖို့ လာရှောင်နေတာကို ဒလန်သတင်းပေးက ခွေးစစ်ကြောင်းခေါ်ဖမ်းပြီး မိန်းကလေးတွေကို မုဒိန်းကျင့်ပြီး သတ်ထားခဲ့တယ်”ဟု KR Team က ဖော်ပြသည်။

အဆိုပါ သေဆုံးသူများနှင့် ပတ်သက်သည့် အသေးစိတ် အချက်အလက်များကိုမူ MFP အနေဖြင့် မသိရသေးပါ။

လက်ရှိတွင် ကောလင်းမြို့နယ်အတွင်းရှိ ကျေးရွာများသို့ စစ်အုပ်စုက ရွာစဉ်ပတ်မွှေ သောင်းကျန်းကာ တွေ့သမျှလူ ဖမ်းဆီးနှိပ်စက် သတ်ဖြတ်နေသဖြင့် ကျောက်ပြင်သာကျေးရွာအုပ်စု မင်းကုန်းရွာ အပါအဝင် ကုက္ကိုကုန်း၊ ဥမင်ကုန်းစသည့် ကျေးရွာများမှ ထောင်ချီသော ဒေသခံများ ထွက်ပြေးနေရသည်ဟု ဆိုသည်။

စစ်အုပ်စုသည် ဖေဖေါ်ဝါရီ(၂၂)ရက်က မင်းကုန်းရွာမှ အထက်ပါ ဒေသခံ လေးဦးကို သတ်ဖြတ်သည့်အပြင် ကုက္ကိုကုန်း ရွာရှိ ဆေးခန်းနှင့် ဆိုင်ကယ်များကိုလည်း မီးရှို့ဖျက်ဆီးကြောင်း၊ ထို့အပြင် ဥမင်ကုန်းရွာတွင် ညအိပ်ကာ မူးရမ်းသောင်းကျန်းပြီး ကျေးရွာအတွင်းရှိ နေအိမ်များကို လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်း၊ ထင်တိုင်းကျဲ လုယက်ဖျက်ဆီးခြင်းများ လုပ်ဆောင်သည်ဟု KR Team က ဆိုသည်။

စစ်အုပ်စုသည် ပြီးခဲ့သည့် ရက်ပိုင်းကလည်း တန့်ဆည်မြို့နယ် ကံကလေးကုန်းကျေးရွာမှ အသက်(၂၀)အရွယ် အိမ်ထောင်သည် အမျိုးသမီးတစ်ဦးကို အုပ်စုဖွဲ့ အဓမ္မပြုကျင့်ခဲ့ကြောင်း NUG က ထုတ်ပြန်ထားသည်။

Mandalay Free Press - MFP

ကောလင်း၌ CDM ဝန်ထမ်း အပါအဝင် ဒေသခံလေးဦးကို စစ်အုပ်စုက သတ်ဖြတ်၊ အမျိုးသမီး နှစ်ဦးကို မသတ်မီ စစ်အုပ်စုက အဓမ္မပြုကျင့်ဟုဆို ကောလင်း၌ CDM ဝန်ထမ်း အပါအဝင် ဒေသခံလေးဦးကို စစ်အုပ်စုက သတ်ဖြတ်၊ အမျိုးသမီး နှစ်ဦးကို မသတ်မီ စစ်အုပ်စုက အဓမ္မပြုကျင့်ဟုဆို Reviewed by THITHTOOLWIN on 22:57 Rating: 5

No comments:

Powered by Blogger.