ပေါက်ကွဲမှုကြောင့် ထိခိုက်ဒဏ်ရာရသူများ/Photo – S |
ဖေဖေါ်ဝါရီ - ၂၃
မန္တလေးမြို့ ပြည်ကြီးတံခွန်မြို့နယ် ရတနာပုံတက္ကသိုလ်လမ်းခွဲ မီးပွိုင့်တွင် အုပ်စုဖွဲ့၍ လမ်းသွားလမ်းလာများကို ဖမ်းဆီး ငွေညှစ်နေသော စစ်အုပ်စု ယနေ့ ညနေပိုင်းတွင် ဗုံးထုတိုက်ခိုက်ခံရပြီး မြို့နယ် ရဲမှူး အပါအဝင် (၁၀)ဦး ဒဏ်ရာရကြာင်း MFP ၏ သတင်းရင်းမြစ်များက ပြောသည်။
ယနေ့ ဖေဖေါ်ဝါရီ(၂၃)ရက် ညနေ(၄)နာရီဝန်းကျင်က ပြည်ကြီးတံခွန်မြို့နယ်၊ တောင်မြင့်ရပ်ကွက်၊ ရန်ကုန် - မန္တလေး ကားလမ်း၊ သခင်ဖိုးလှကြီးလမ်းနှင့် ရတနာပုံမီးပွိုင့် လမ်းဆုံရှိ ယာဉ်စစ်ဆေးသည့် နေရာတွင် လက်လုပ်ဗုံး ပေါက်ကွဲခဲ့ခြင်း ဖြစ်သည်ဟု စစ်ကောင်စီ အသိုင်းအဝိုင်းနှင့် နီးစပ်သူများက ပြောသည်။
အဆိုပါ ပေါက်ကွဲမှု့ကြောင့် မြို့နယ်ရဲမှူးနှင့် ရဲမေ၊ မီးသတ်များ အပါအဝင် စကစ လက်အောက်ခံ ဝန်ထမ်း (၇)ဦးနှင့် အရပ်သားပြည်သူ (၃)ဦး ထိခိုက်ဒဏ်ရာရသည်ဟု ဆိုသည်။
ပေါက်ကွဲမှုကြောင့် ထိခိုက်ဒဏ်ရာရသူများသည် မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး တင်မောင်လင်း၊ ရဲအုပ် အိအိလှိုင်၊ ဒု-ရဲအုပ် ကိုကိုဖြိုး၊ တပ်သား သီရိလွင်၊ ရဲဒုတပ်ကြပ် မျိုးတင့်ကြည်၊ တပ်ကြပ်ကြီး(မီးသတ်) စိုးလင်းအောင်၊ ထွေ/အုပ်ယာဉ်မောင်း ထွန်းထွန်းလင်းနှင့် အရပ်သားပြည်သူ အမျိုးသား(၂)ဦးနှင့်အမျိုးသမီး (၁)ဦး ဒဏ်ရာရသည်ဟု ဆိုသည်။
“ရတနာပုံတက္ကသိုလ် မီးပွိုင့်မှာ ဘဲဥတွေရော၊ ရခ တွေရော ပေါင်းပြီး ဖမ်းနေတာ။ အဲ့တာ အုန်းခံလိုက်ရတာ” ဟု ဒေသခံ သတင်းရင်းမြစ်တစ်ဦးက MFP သို့ ပြောသည်။
အဆိုပါ စစ်အုပ်စုကို ဗုံးထုတိုက်ခိုက်မှုသည် ၄င်းတို့ လက်ချက်ဖြစ်ပြီး မုန့်ဟင်းခါး သုံးပွဲထက်မနည်း ထွက်ရှိသည်ဟု Guerilla Force of Mandalay (GRA) က ထုတ်ပြန်ထားသည်။
ထိုသို့ ဗုံးထု တိုက်ခိုက်ခံရပြီးနောက် စစ်အုပ်စုက သေနတ်အချက် (၅၀)ခန့် ရမ်းကားပစ်ခတ်ခဲ့ပြီး စစ်အုပ်စု ထပ်မံရောက်ရှ်လာကာ လမ်းပိတ်ပြီး ဆဲဆိုရမ်းကား စစ်ဆေးခဲ့သည်ဟု ဒေသခံများက ပြောသည်။
စစ်ကောင်စီက မန္တလေးမြို့ပေါ် ရပ်ကွက်များအား ပိတ်ဆို့ မွှေနှောက်ခြင်း၊ လမ်းသွားလမ်းလာများအား ဖမ်းဆီးငွေညှစ်ခြင်း၊ မြိုကခံများအား ဥပဒေမဲ့ ဖမ်းဆီးခြင်းနှင့် ဒီမိုကရေစီအရေး တောင်းဆိုသူများကို ထင်တိုင်းကျဲ ပစ်ခတ်သတ်ဖြတ် ဖိနှိပ်ခြင်းများ လုပ်ဆောင်နေသော်လည်း တချိန်တည်းမှာပင် မန္တလေးမြို့ပေါ်ရှိ စကစနှင့် ဆက်စပ်သူများနှင့် စကစလက်အောက်ခံ ရုံး၊ဌာနများ ပစ်မှတ်ထား တိုက်ခိုက်ခံနေရသည်။
Mandalay Free Press - MFP
No comments:
Post a Comment