ကန့်ဘလူ ကင်းတပ်ဆည်အနီး စစ်အုပ်စု မိုင်းဆွဲခံရ၊ အသေများနိုင်ဟုဆို၊


ဖေဖေါ်ဝါရီ - ၂၃

စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ် ကင်းတပ်ဆည်အနီးတွင် ဒေသတွင်း မွှေနှောက်သောင်းကျန်းနေသော စကစများ ယနေ့ နေ့လည်ပိုင်းတွင် မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီး အသေများနိုင်ကြောင်း တန့်ဆည်တော်လှန်ရေး တပ်ဦး - Taze Revolution Force – TRF က သတင်းထုတ်ပြန်သည်။

ယနေ့ ဖေဖေါ်ဝါရီ(၂၃)ရက် နေ့လယ်(၂)နာရီခန့်က ကင်းတပ်ဆည်အနီးတွင် စစ်အုပ်စုကို မိုင်းထောင် ဖောက်ခွဲ တိုက်ခိုက်ခဲ့ခြင်းဟု ဆိုသည်။

“ကန့်ဘလူ -တန့်ဆည်နယ်စပ် ကင်းတပ်ဆည်အနီး ရောက်နေသော စစ်ခွေးများကို TRF မှ မိုင်းဆွဲတိုက်ခိုက်ရာ   မိုင်းကွင်း အလယ် လာရောက်နေသော မအလကျွန်များ အကျအဆုံး များနိူင်သည်ဟု သိရှိရပြီး စခများမှ လက်နက်ကြီးများဖြင့် ရမ်းထုနေကြောင်း သိရပါတယ်” ဟု TRF က ဖော်ပြသည်။

မိုင်းပေါက်ကွဲမှု ဖြစ်ပွားပြီးနောက် စစ်အုပ်စုက အနီးအနား ကျေးရွာများသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်ကာ ရမ်းကား သောင်းကျန်းနေသဖြင့် ဒေသခံများ ထွက်ပြေး တိမ်းရှောင်နေရကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက ပြောသည်။

အဆိုပါ မိုင်းထောင်ဖောက်ခွဲ တိုက်ခိုက်မှုကြောင့် စစ်အုပ်စု အသေအပျောက် အခြေအနေကို MFP အနေဖြင့် သီးခြား အတည်ပြုနိုင်ခြင်း မရှိသေးပါ။

မိုင်းဆွဲခံရသော စစ်အုပ်စုသည် အင်အား(၁၅၀)ခန့် ပါဝင်ပြီး ဒေသတွင်း ရွာစဉ်ပတ်မွှေ သောင်းကျန်းလျှက် ရှိကာ ယနေ့ နေ့လယ်(၁၁)နာရီခန့်တွင် ကန့်ဘလူမြို့နယ်၊ မှော်တော်ရွာမှ ထွက်ခွာလာပြီး တန့်ဆည်မြို့နယ်ဘက်သို့ ဦးတည်လာခြင်း ဖြစ်ကြောင်း ဒေသတွင်း သတင်းများ ဖော်ပြနေသည့် Taze News က ဆိုသည်။

စစ်အုပ်စုသည် တန့်ဆည်မြို့နယ်အပါအဝင် စစ်ကိုင်းတိုင်း မြို့နယ်အများအပြား၌ ရွာစဉ်ပတ်မွှေ သောင်းကျန်းကာ လူသတ်၊ ဓားပြတိုက်လုယက်၊ နေအိမ်မီးရှို့၊ ဒေသခံ အရပ်သားပြည်သူများကို ဖမ်းဆီးနှိပ်စက်ခြင်းများ ထင်တိုင်းကျဲ ကျူးလွန်လျှက် ရှိသည်။


Mandalay Free Press - MFP

ကန့်ဘလူ ကင်းတပ်ဆည်အနီး စစ်အုပ်စု မိုင်းဆွဲခံရ၊ အသေများနိုင်ဟုဆို၊ ကန့်ဘလူ ကင်းတပ်ဆည်အနီး စစ်အုပ်စု မိုင်းဆွဲခံရ၊ အသေများနိုင်ဟုဆို၊ Reviewed by THITHTOOLWIN on 22:15 Rating: 5

No comments:

Powered by Blogger.