ရွှေဘိုတွင် ရွာမီးရှို့နေသည့် စကစနှင့်ပျူအုပ်စုကို မိုင်း(၉)လုံးဖြင့် ဖောက်ခွဲရာ အကောင်(၃၀)ကျော်သေဟုဆို
ရွှေဘိုနယ်အတွင်း သောင်းကျန်းနေသော စစ်အုပ်စုကို ပြီးခဲ့သည့် ရက်ပိုင်းက တွေ့ရစဉ်/Photo - S |
မိုင်းဆွဲအပြန်တွင် ပြည်သူ့ရဲဘော် “မာယာ” ဖမ်းဆီးခံလိုက်ရကာ ကိုယ့်ကိုကိုယ် အဆုံးစီရင်သွား၊
ဖေဖေါ်ဝါရီ - ၂၅
စစ်ကိုင်းတိုင်း ရွှေဘိုမြို့နယ် ငါးပိအိုးကျေးရွာအတွင်း မီးရှို့ဖျက်ဆီး လုယက်ပြီး ပြန်လာသည့် စကစနှင့် ပျူအုပ်စုကို ယနေ့ မနက်ပိုင်းတွင် မိုင်း(၉)လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ စကစ (၃၅)ဦး ထက်မနည်းသေကြောင်း နတ်တောင်နဂါးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က သတင်းထုတ်ပြန်သည်။
ယနေ့ ဖေဖော်ဝါရီ(၂၅)ရက် နံနက်(၁၁)နာရီက ရွှေဘိုမြို့နယ် အရှေ့ခြမ်း ငါးပိအိုးရွာအား မီးရှို့ပြီး ဂွေးကုန်းကျေးရွာဘက်သို့ စစ်ကြောင်းထိုးလာသည့် စကစနှင့်ပျူ အုပ်စုကို နတ်တောင်နဂါးပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့နှင့် GHOST RIDER Special Task Force(mdy) နှစ်ဖွဲ့ ပူးပေါင်း၍ ရှေ့ထွက်မိုင်း (၉)လုံးဖြင့် ဖောက်ခွဲ တိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။
“စခနှင့်ပျူ (၃၅)ယောက်နှင့်အထက် သေဆုံးနိုင်ပြီး စခ ကားတစီးလည်း မိုင်းစာမိ၍ မီးလောင်ပျက်စီး သွားခဲ့ပါသည်” ဟု နတ်တောင်နဂါး ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့က ဖော်ပြသည်။
အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်၍ အမျိုးသား ညီညွတ်ရေး အသိုးရ (NUG) ကာကွယ်ရေး ဝန်ကြီးဌာနက ထုတ်ပြန်သော နေ့စဉ်စစ်ရေးသတင်းအကျဉ်းချုပ် ဖော်ပြချက်တွင်မူ ကျေးရွာများ မီးရှို့ပြန်လာသော စကစများ မိုင်းဆွဲခံရပြီး စကစ ကားတစ်စီးမီးလောင်ကာ ထိခိုက်ဒဏ်ရာရသူ အများအပြားရှိသည်ဟု ဆိုထားသည်။ စစ်အုပ်စု အသေအပျောက် အရေအတွက်ကိုမူ NUG က ဖော်ပြထားခြင်း မရှိပေ။
ထိုသို့ မိုင်းဆွဲပြီးနောက် ကျန်ရှိသော စစ်အုပ်စုက လက်နက်ကြီးများဖြင့် ပြန်လည်ပစ်ခတ်သဖြင့် ပြည်သူ့ကာကွယ်ရေး ရဲဘော်များ ပြန်လည်ဆုတ်ခွာလာရာတွင် လမ်းခုလတ်၌ အဖွဲ့ကွဲသွားပြီးနောက် ပြည်သူ့ရဲဘော်တစ်ဦးသည် စကစ ကင်းပုန်းများနှင့် တွေ့ကာ ဖမ်းဆီးခံလိုက်ရသည်ဟု နတ်တောင်နဂါး ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့က ဖော်ပြသည်။
“ကျွန်တော်တို့အဖွဲ့မှ ရဲဘော်တစ်ဦး ခွေးများ ချထားသော ကင်းပုန်းနှင့် ထိတ်တိုက်တွေ့ဆုံပြီး ရန်သူလက်ထဲ ကျရောက်သွားခဲ့ပါတယ်။ ဖမ်းမိသော ရဲဘော်မှာ gun(သေနတ်) အတိုတစ်လက် ပါပေမယ့် လက်နက်အင်အား လူအင်အား မမျှသဖြင့် ခွေးများလက်ထဲတွင် လက်နက်နှင့်အတူ အသက်ပါပေး၍ တိုက်ပွဲတွင် ကျဆုံးခဲ့ရပါသည်။ တိုင်းပြည်အတွက် အသက်ပေး၍ စစ်အာဏာရှင်စနစ် အောက်မှ လွတ်မြောက်ရေး တိုက်ပွဲတွင် ကျဆုံးခဲ့ရသော ရဲဘော် မာယာ အား ကျွန်တော်တို့မှ အလေးပြုအပ်ကြောင်း နှင့် ကျန်ရစ်သူ မိသားစုနှင့် ကျွန်တော်တို့ တစ်ဖွဲ့လုံးမှ ထပ်တူထပ်မျှ ဝမ်းနည်းခံစားရပါကြောင်း အသိပေးထုတ်ပြန်လိုက်သည်” ဟု နတ်တောင်နဂါး ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့က ဖော်ပြသည်။
စစ်အုပ်စုသည် လက်နက်အားကိုးဖြင့် ရွှေဘိုနယ်အတွင်း ရွာစဉ်ပတ်မွှေ သောင်းကျန်းကာ လူသတ်၊ ဓားပြတိုက်လုယက်၊ နေအိမ်မီးရှို့၊ အဓမ္မပြုကျင့်၊ ဖမ်းဆီးနှိပ်စက် အနိုင်ကျင့်ခြင်းများ ထင်တိုင်းကျဲ ကျူးလွန်လျှက် ရှိသည်။
Mandalay Free Press - MFP
No comments:
Post a Comment