MFP ၊ ဖေဖေါ်ဝါရီ - ၂၄
စစ်ကိုင်းတိုင်း ကောလင်းမြို့နယ်အတွင်း ရွာစဉ်ပတ်မွှေ သောင်းကျန်းနေသော စစ်အုပ်စုကို ယနေ့ မနက်ပိုင်းနှင့် ညနေပိုင်းတွင် ဒေသခံ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့များက တိုက်ခိုက်ခဲ့ရာ စကစ တစ်ဦး သေပြီး နှစ်ဦး ဒဏ်ရာရကြောင်း ကောလင်း တော်လှန်ရေးအဖွဲ့ - KR Team က ဖော်ပြသည်။
ယနေ့ ဖေဖေါ်ဝါရီ(၂၄)ရက် မနက်(၅)နာရီခန့်က ကောလင်းမြို့နယ် အရှေ့ခြမ်း အင်းမရွာဘက်သို့ စစ်ကြောင်းထိုးလာသော စစ်အုပ်စုကို ကောလင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)က မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီးနောက် ညနေပိုင်းတွင် အထက်ပါ စစ်ကြောင်းသည် တိုက်မိုင်း နင်းမိသလို ကောလင်း ပကဖ က ပြောက်ကျားစနစ်ဖြင့် ထပ်မံတိုက်ခိုက်ခဲ့ခြင်းဟု ဆိုသည်။
“ကောလင်းမြို့ အင်မရွာရှိ စစ်ကြောင်းသည် ကောလင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) ထောင်ထားသော တိုက်မိုင်းကို နှင်းမိပြီး ပျောက်ကျားစနစ်ဖြင့် (ပကဖ) မှတိုက်ခိုက်ခဲ့ရာ ခွေးတစ်ကောင်ကျပြီး နစ်ယောက်ကို တွဲထုတ်သွားရကြောင်း ကနဦးသိရပါတယ်” ဟု KR Team က ဖော်ပြသည်။
အဆိုပါ ကောလင်းမြို့နယ် အရှေ့ခြမ်းရှိ ကျေးရွာများသို့ မွေနှောက်သောင်းကျန်း လုယက်နေသော စစ်အုပ်စုသည် အင်အား (၈၀)ခန့်ရှိပြီး ယနေ့ ညနေပိုင်း(၄)နာရီကျော်တွင် ဒေသခံ ပကဖ များနှင့် ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့သည်ဟု ဒေသခံများက ပြောသည်။
ယမန်နေ့ ဖေဖေါ်ဝါရီ(၂၃)ရက် မနက်ပိုင်းကလည်း ကောလင်းမြို့ပေါ် လှည့်ပတ်နေသော စကစ ပတ်ကင်းယဉ်တန်း ဗိုလ်ချုပ်ပန်းခြံအနီးတွင် မိုင်းနှစ်လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ပြီး ကားတစ်စီး ထိခိုက်ပျက်စီးပြီး စကစ အနည်းဆုံး နှစ်ဦး ထိခိုက်ဒဏ်ရာရကြောင်း ကောလင်းဒေသ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ The Secret Warrior Kawlin က ထုတ်ပြန်ထားသည်။
တချိန်တည်းမှာပင် စစ်အုပ်စုကလည်း ကောလင်းမြို့နယ်အတွင်း သောင်းကျန်းနေပြီး လူသတ်၊ ဓားပြတိုက်လုယက်၊ နေအိမ်မီးရှို့၊ ဒေသခံအမျိုးသမီးများအား အဓမ္မပြုကျင့်ခြင်းများ ကျူးလွန်လျှက် ရှိသည်။
စစ်အုပ်စုသည် ပြီးခဲ့သည့် ဖေဖေါ်ဝါရီ(၂၂)ရက်က ကောလင်းမြို့နယ် ကျောက်ပြင်သာကျေးရွာအုပ်စု မင်းကုန်းရွာရှိ CDM ဝန်ထမ်း အမျိုးသမီး အပါအဝင် ဒေသခံ အမျိုးသားနှစ်ဦးနှင့် အမျိုးသမီးနှစ်ဦးကို လက်ပြန်ကြိုးတုပ်ကာ ပစ်ခတ်သတ်ဖြတ်ခဲ့သည်။ စစ်အုပ်စုသည် အမျိုးသမီး နှစ်ဦးကို မသတ်ဖြတ်မီ အဓမ္မပြုကျင့်ခဲ့ကြောင်း ကောလင်း ဒေသခံများက ပြောသည်။
Mandalay Free Press - MFP
No comments:
Post a Comment