မိတ္ထီလာ၌ ဘဏ်အစောင့် စစ်အုပ်စုက လမ်းသွားလမ်းလာများကို အကြောင်းမဲ့ ပစ်ခတ်၊ အရပ်သားပြည်သူ တစ်ဦးသေဆုံးပြီး တစ်ဦး ဒဏ်ရာရ
မိတ္ထီလာမြို့၌ လမ်းသွားလမ်းလာများအား ဖမ်းဆီးငွေညှစ်နေသော စစ်အုပ်စု (ပုံဟောင်း)/Photo – CJ |
MFP ၊ ဖေဖေါ်ဝါရီ - ၂၄
မန္တလေးတိုင်း မိတ္ထီလာမြို့၌ အင်းဝဘဏ် အစောင့်ကျနေသော စစ်အုပ်စုသည် ယမန်နေ့ ညဦးပိုင်းက လမ်းသွားလမ်းလာ ဆိုင်ကယ်နှစ်စီးကို အကြောင်းမဲ့ ရန်ပြုပစ်ခတ်သဖြင့် အရပ်သားပြည်သူ တစ်ဦးသေဆုံးပြီး တစ်ဦး ထိခိုက်ဒဏ်ရာရကြောင်း ဒေသခံများက MFP သို့ ပြောသည်။
ယမန်နေ့ ဖေဖေါ်ဝါရီ(၂၃)ရက် ည(၇)နာရီခွဲ ဝန်းကျင်က မိတ္ထီလာမြို့ ဈေးအနောက်ဘက်လမ်းရှိ အင်းဝဘဏ်တွင် အစောင့်ကျနေသော စစ်အုပ်စုသည် အမျိုးသားနှစ်ယောက်တွဲ စီးလာသည့် ဆိုင်ကယ်တစ်စီးကို အစစ်အဆေး အမေးအမြန်းမရှိ ပစ်ခတ်ခဲ့ရာ တစ်ဦး သေဆုံးပြီး တစ်ဦး လွတ်မြောက်သွားကြောင်း၊ ထို့နောက် မိနစ်အနည်းငယ်အကြာတွင် အဆိုပါ အင်းဝဘဏ်ရှေ့သို့ တစ်ဦးတည်းစီးလာသည့် ဆိုင်ကယ်ကို အကြောင်းမဲ့ ထပ်မံ ပစ်ခတ်ခဲ့ရာ ဆိုင်ကယ်စီးလာသူ ထိခိုက်ဒဏ်ရာရပြီး ဆေးရုံတင်ထားရသည်ဟု ဆိုသည်။
“မနေ့ည (၇)ခွဲလောက်မှာ ဘစ်အစောင့်တွေက မူးရုူးပြီး ဆိုင်ကယ် နှစ်ယောက်စီးလို့ ပစ်တာတဲ့။ အနောက်က တစ်ယောက်က ပြုတ်ကျကျန်ခဲ့ပြီး ဆုံးသွားတယ်ပြောတယ်။ နောက်ပြီး (ရး၄၅)လောက်မှာ LGBT အမျိုးသမီးရဲ့ ဆိုင်ကယ် ထပ်ပစ်ခံရတာ။ သူက တစ်ဦးတည်း စီးလာတာကို ပစ်ခံရတာတဲ့။ နံရိုး သုံးချောင်းကျိုးလို့ စစ်ဆေးရုံမှာ တင်ထားရတယ်ပြောတယ်” ဟု ဒေသခံတစ်ဦးက MFP သို့ ပြောသည်။
ဘဏ်အစောင့်ကျနေသော စစ်အုပ်စုက ရမ်းကားပစ်ခတ်သဖြင့် ဆိုင်ကယ်နှစ်ယောက် စီးလာသူ အမျိုးသားနှစ်ဦးအနက် ဆိုင်ကယ်အနောက်မှ ထိုင်လိုက်လာသူသည် ကျည်နှစ်ချက်ထိမှန်ကာ ဆိုင်ကယ်ပေါ်မှ ပြုတ်ကျသေဆုံးသည်ဟု ဆိုသည်။
“တစ်ယောက်ကတော့ လွတ်သွားတယ်တဲ့။ ပြုတ်ကျတဲ့တစ်ယောက်က လက်ထဲမှာ လ္ဘက်ရည် ပါဆယ်ထုပ်လေး ဆွဲလာတယ်လို့ ပြောတယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။
လက်ရှိတွင် စစ်အုပ်စုက ဆိုင်ကယ်တစ်စီးလျှင် အမျိုးသားနှစ်ယောက် မစီးရန် အမိန့်ထုတ်ထားပြီး နှစ်ယောက်တွဲစီးသူများကို ဖမ်းဆီးငွေညှစ်ခြင်းနှင့် ငွေမပေးနိုင်ပါက ပစ်ခတ်သတ်ဖြတ်ခြင်းများ လုပ်ဆောင်လျှက် ရှိသည်။
ပြီးခဲ့သည့် လပိုင်းကလည်း မိတ္ထီလာ၌ ဆိုင်ကယ်နှစ်ယောက်တွဲ စီးသည်ဟုဆိုကာ ဒေသခံအချို့ အသတ်ခံခဲ့ရသေးသည်။
Mandalay Free Press - MFP
No comments:
Post a Comment