တန့်ဆည် - ဖေဖော်ဝါရီ ၂၄၊ ၂၀၂၂။
အင်အား ၁၀၀ ခန့်ရှိသည့် စစ်ကောင်စီစစ်ကြောင်းသည် ရေဦးမြို့နယ်မှ တန့်ဆည်မြို့နယ် အနောက်ခြမ်းရှိ ကျေးရွာများသို့ ဝင်ရောက်လာပြီး ဒေသခံပြည်သူတို့၏ နေအိမ်များနှင့် ဆိုင်ကယ်များကို ဖျက်ဆီးခဲ့ကြောင်း သိရသည်။
တန့်ဆည်မြို့နှင့် ၇ မိုင်ခန့်အကွာတွင်ရှိသည့် ရေရှင်ကုန်းကျေးရွာတွင် စစ်ရှောင်ပြည်သူတို့၏ ဆိုင်ကယ် ၁၆ စီးကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက ယနေ့နံနက်ပိုင်းတွင် မီးရှို့ဖျက်ဆီးခဲ့သည်ဟု ခိုင်လုံသည့် သတင်းရင်းမြစ်တစ်ဦးက The 74 Media ကိုပြောသည်။
“စစ်ရှောင်တွေရဲ့ ဆိုင်ကယ်တွေကို မီးရှို့သွားတာ ၁၆ စီး ရှို့ခံရတာ။ ရေရှင်ကုန်းရွာတောင်ဘက် လယ်တောထဲ ရပ်ထားတဲ့ ဆိုင်ကယ်တွေရှို့ခံရတာ။ ဝင်တဲ့ရွာတိုင်းကို ဝင်မွှေဖျက်ဆီးပြီး တန်ဖိုးရှိတဲ့ အရာမှန်သမျှ ယူသွားကြတာပါ” ဟုပြောသည်။
စစ်ကောင်စီစစ်ကြောင်းက ကျေးရွာများသို့ ဝင်ရောက်ချိန်တွင် ဒေသခံပြည်သူအချို့ကို လမ်းပြအဖြစ် ခေါ်ဆောင်သွားပြီး ဒေသခံ ပြည်သူတို့၏ လက်ဝတ်ရတနာများကို ယူဆောင်သွာသည်ဟု သူကဆက်ပြောသည်။
စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်သို့ မြို့၏ မြောက်ပိုင်း၊ တောင်ပိုင်းနှင့် အနောက်ဘက်တို့မှ စစ်ကြောင်း သုံးကြောင်းခွဲပြီး ဝင်ရောက်လာခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ စစ်ကောင်စီစစ်ကြောင်း ဝင်ရောက်လာသောကြောင့် စစ်ကိုင်းတိုင်း တန့်ဆည်နယ် အနောက်ဘက်ခြမ်းရှိ ရေရှင်ကုန်းကျေးရွာ၊ မြေခုကျေးရွာ၊ လယ်တီးကျေးရွာနှင့် လယ်မကျေးရွာ အပါအဝင် ကျေးရွာဆယ်ရွာခန့်က ဒေသခံပြည်သူများသည် ယနေ့နံနက် ၆ နာရီချိန်မှ စတင်ပြီး နီးစပ်ရာကျေးရွာများသို့ ထွက်ပြေးတိမ်းရှောင် နေကြရသည်ဟု သူကဆက်ပြောသည်။
ကံကလေးကုန်းကျေးရွာရှိ အသက် (၂၀) နှစ်ခန့်အရွယ် အိမ်ထောင်သည် အမျိုးသမီးတစ်ဦးကို ဖေဖော်ဝါရီ ၂၀ ရက်နေ့က ထိုရွာတွင် စခန်းချနေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်သုံးဦးက အဓမ္မပြုကျင့်ခဲ့သည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာနမှ ထုတ်ဝေသော နေ့စဉ်စစ်ရေးသတင်းအကျဉ်းချုပ်တွင် ဖော်ပြထားသည်။
The 74 Media
No comments:
Post a Comment