မဲခေါင်၊ ဖေဖော်ဝါရီ ၂၃
အကြမ်းဖက်အာဏာသိမ်းစစ်ကောင်စီလက်အောက်ခံ ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့ရှိ ဘူတာရုံ ဝန်ထမ်းလိုင်းခန်းနှင့် လုံခြုံရေးတန်းလျား ယနေ့၊ နံနက်ပိုင်းအစောပိုင်းအချိန်က ဝင်ရောက်တိုက်ခိုက်ခံခဲ့ရကြောင်း ဒေသခံများထံမှ သိရသည်။
နောင်ချိုမြို့၊ ဘူတာရပ်ကွက်ရှိ စစ်ကောင်စီလက်အောက်ခံ မြန်မာ့မီးရထားဝန်ထမ်းများနေထိုင်ရာ ဝန်ထမ်းလိုင်းခန်းနှင့် လုံခြုံရေးတန်းလျားကို ယနေ့၊ နံနက် ၁နာရီဝန်းကျင်အချိန်ခန့်က လက်နက်ကိုင်အဖွဲ့တစ်ခုမှ ဝင်ရောက်ပစ်ခတ်သွားခြင်းဖြစ်သည်ဟု ဒေသခံတစ်ဦးက ပြောသည်။
“အသံတွေ အကျယ်ကြီးဆက်တိုက်ကြားလိုက်ရတာ။ ပစ်ခတ်သံ၊ ပေါက်ကွဲသံတွေ ၁၅မိနစ်လောက် ကြားလိုက်ရတယ်။ အိမ်ပေါ်ကိုလည်း ကျည်ခွံတွေ ကျလာသေးတယ်။ ဘယ်အဖွဲ့က ဝင်ပစ်တာလဲတော့ မသိဘူး”ဟု ၎င်းက ပြောသည်။
ယင်းကဲ့သို့ ဝင်ရောက်တိုက်ခိုက်ခံရမှုကြောင့် ဝန်ထမ်းလိုင်းခန်းနှင့် လုံခြုံရေးတန်းလျားနေသူများ ထိခိုက်ဒဏ်ရာရရှိခဲ့သော်လည်း အရေအတွက်အတိအကျကိုမူ စုံစမ်းနေဆဲဖြစ်သည်။
အဆိုပါဖြစ်စဉ်နှင့် ပါတ်သက်၍ အာဏာသိမ်းစစ်ကောင်စီကလည်း တစ်စုံတစ်ရာ ထုတ်ပြန်ပြောဆိုခြင်းမရှိသေးသလို ဒေသခံ တိုင်းရင်းသားလက်နက်ကိုင်များနှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များကလည်း တစ်စုံတစ်ရာ ထုတ်ပြန်ပြောခြင်း မရှိသေးချေ။
MeKong News - မဲခေါင်သတင်း
No comments:
Post a Comment