ယူကရိန်းကို ရုရှားကျူးကျော်တိုက်ခိုက်မှု မြန်မာစစ်ကောင်စီ ထောက်ခံပြောဆို

ယူကရိန်းနိုင်ငံ၊ Mariupol အပြင်ဘက်က စစ်တပ်အဆောက်အဦးက ရေဒါနဲ့ တခြားစစ်ဘက်ဆိုင်ရာကိရိယာတွေ ရုရှားရဲ့ဒုံးကျည်ထိမှန် ပျက်စီးသွားပုံ။ (ဖေဖေါ်ဝါရီ ၂၄၊ ၂၀၂၂)

ရုရှားက ယူကရိန်းကိုဝင်တိုက်တဲ့အပေါ် မြန်မာစစ်ကောင်စီက ထောက်ခံပြောဆိုပါတယ်။ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကို ဗွီအိုအေက သီးခြားဆက်သွယ်မေးမြန်းချိန်မှာ အခုလို ဖြေဆိုခဲ့တာပါ။

“နံပါတ် ၁ ကတော့ ဒီကိစ္စကတော့ ရုရှားနိုင်ငံအနေနဲ့ နိုင်ငံရဲ့အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲစေဖို့ လုပ်ဆောင်ခဲ့တဲ့၊ လုပ်ဆောင်သင့်တဲ့ လုပ်ဆောင်ချက်လို့ပဲ မြင်ပါတယ်။ နံပါတ် ၂ အနေနဲ့ကတော့ ရုရှားနိုင်ငံအနေနဲ့ ကမ္ဘာ့ငြိမ်းချမ်းရေးကို ထိန်းညှိထားတဲ့ ကမ္ဘာ့ချိန်ခွင်လျှာညီမျှရေးမှာ အင်အားကြီးနိုင်ငံတခုအဖြစ် ရပ်တည်လျက်ရှိကြောင်း ကမ္ဘာကိုပြသခြင်းမြင်ပါတယ်။”

အချုပ်အခြာအာဏာပိုင် ယူကရိန်းနိုင်ငံကို ရုရှားကကျူးကျော်တိုက်ခိုက်တဲ့အပေါ် ကမ္ဘာတဝန်းဝေဖန်ရှုတ်ချပြီး အမေရိကန်နဲ့အနောက်နိုင်ငံအများအပြားက ရုရှားအပေါ် ဒဏ်ခတ်အရေးယူမှုတွေချမှတ်ထားချိန်မှာ မြန်မာစစ်ကောင်စီကတော့ ရုရှားရဲ့လုပ်ရပ်ကို ထောက်ခံပြောဆိုလိုက်တာဖြစ်ပါတယ်။

မြန်မာစစ်ဘက်နဲ့ ရုရှားစစ်ဘက်အကြား ခိုင်မာတဲ့ဆက်ဆံရေးရှိထားပြီး အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ ပြီးခဲ့တဲ့နှစ် ဇွန်လကပဲ ရုရှားနိုင်ငံကို သွားရောက်ခဲ့ပါသေးတယ်။ ဒါ့အပြင် နိုင်ငံတကာမျက်နှာစာမှာ စစ်ကောင်စီကို ရှားရှားပါးပါး ကာကွယ်ပြောဆိုတဲ့နိုင်ငံတွေထဲ ရုရှားဟာ အဓိကနိုင်ငံတခုဖြစ်ပါတယ်။

စစ်အာဏာသိမ်းအပြီး စစ်ကောင်စီကို လက်နက်ရောင်းချမူပိတ်ပင်ပေးဖို့ ကုလသမဂ္ဂနဲ့ မြန်မာ့အရေးကျွမ်းကျင်သူတွေက ဆက်တိုက်တောင်းဆိုထားပေမယ့် ရုရှားဘက်ကတော့ ဆက်လက်ရောင်းချနေဆဲဖြစ်ပါတယ်။

ဗွီအိုအေ (မြန်မာဌာန)
ယူကရိန်းကို ရုရှားကျူးကျော်တိုက်ခိုက်မှု မြန်မာစစ်ကောင်စီ ထောက်ခံပြောဆို ယူကရိန်းကို ရုရှားကျူးကျော်တိုက်ခိုက်မှု မြန်မာစစ်ကောင်စီ ထောက်ခံပြောဆို Reviewed by THITHTOOLWIN on 23:16 Rating: 5

No comments:

Powered by Blogger.