နာရေးလူစုလူဝေးကို ပြည်သူ့ကာကွယ်ရေးတပ်ဆိုပြီး အပစ်ခံရတဲ့ ယင်းမာပင်နဲ့ ဒေသခံ နှစ်ယောက်အဖမ်းခံရတဲ့ တန့်ဆည်မြို့

ယင်းမာပင်မြို့နယ်၊ ညောင်ကုန်းရွာနာရေးကို ပစ်ခတ်ခဲ့တဲ့ ရဟတ်ယာဉ်
ယင်းမာပင်မြို့နယ်၊ညောင်ကိုင်းရွာမှာနာရေးကိုသဂြိုဟ်ဖို့လူစုနေတဲ့အချိန်စစ်ကောင်စီကနေရဟတ်ယာဉ်လေးစီးနဲ့လာရောက်ပစ်ခတ်သွားတာလို့ဒေသခံတွေကပြောပါတယ်။

နာရေးမသဂြိုလ်ခင်အိမ်မှာလူအယောက်၃၀လောက်ကိုထမင်းကျွေးဖို့ပြင်ဆင်နေကြတဲ့ဒီနေ့ဖေဖော်ဝါရီ၂၆မနက်၈နာရီလောက်မှာရဟတ်ယာဉ်တွေနဲ့လာပစ်သွားတာကြောင့်ဒေသခံတွေဘေးလွတ်ရာကိုထွက်ပြေးပုန်းအောင်းခဲ့ကြရပါတယ်။

လေကြောင်းနဲ့အပစ်ခံလိုက်ရတဲ့ညောင်ကိုင်းရွာဒေသခံအမျိုးသမီးတစ်ယောက်ကသူရင်ဆိုင်ခဲ့ရတာကိုအခုလိုပြောပြပါတယ်။

“လူသေတာ အသုဘချရအောင်လို့ လုပ်နေတာ၊ အသုဘ ချလည်း မချရဘူး။ ရွာမှာ ပုန်းရှောင်တဲ့သူတွေက အခုမှ ထွက်လာပြီး သဂြိုဟ်ထားရတာ။ ဘုန်းကြီးလည်း မပါဘူး။ ဒီလိုလည်းမကြုံဖူးဘူး။ တစ်နာရီလောက်ကြာအောင် ရွာနားလှည့်ပစ်နေတာ တဒုန်းဒုန်းနဲ့နေတာပဲ “

ညောင်ကိုင်းရွာအပြင်ချင်းပုန်းရွာနဲ့ညောင်ပင်သာရွာတွေကိုလည်းစက်သေနတ်တွေ၊ဗုံးတွေနဲ့ပါပစ်ခတ်ခဲ့တာကြောင့်ကျေးရွာသားနှစ်ယောက်ဒဏ်ရာရထားတယ်လို့ပြောကြပါတယ်။

ဒါ့အပြင်စစ်ကောင်စီကတပ်ကူတွေကိုရဟတ်ယာဉ်တွေနဲ့ပို့ဆောင်ခဲ့ပြီးအင်အားဖြည့်ရောက်ရှိလာတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာချင်းပုန်းရွာဘက်ကိုဝင်ပြီးမီးရှို့ခဲ့ကြတယ်လို့ဒေသခံတွေကပြောပါတယ်။လေကြောင်းနဲ့ပစ်ခတ်ခံရတာ၊မီးရှို့ခံရတာတွေကြောင့်အဲ့ဒီကျေးရွာကဒေသခံတွေဟာညနေအချိန်အထိရှောင်ပုန်းနေကြရပါတယ်။တစ်ခါစစ်ကိုင်းတိုင်းတန့်ဆည်မြို့ဒေါင့်ကြီးကျေးရွာမှာလည်းဒီနေ့မနက်၂နာရီလောက်ကစစ်ကောင်စီနဲ့ပျူစောထီးအဖွဲ့ဝင်တွေရောက်လာပြီးအသက်၆၇အရွယ်ဦးဘိုမောင်နဲ့အသက်၄၆နှစ်အရွယ်ဦးမြင့်ကျော်ခေါ်လူလေးတို့၂ယောက်ကိုဖမ်းသွားတယ်လို့ဒေသခံတွေကပြောပါတယ်။

အဖမ်းခံရတဲ့ဒေသခံနှစ်ယောက်ရဲ့နေအိမ်အပါဝင်အိမ်၅လုံးကိုချိတ်ပိတ်သွားတာလို့ဒေသခံတစ်ယောက်ကဘီဘီစီကိုပြောပါတယ်။“သူတို့က ဒေသခံတွေ ၊ တောင်သူရိုးရိုးလုပ်ကိုင်စားတဲ့သူတွေပါဗျ။ နာမည်တပ်ပြီးခေါ်သွားတာ။ မနက်ပိုင်းလာဖမ်းကတည်းက ချိတ်ပိတ်သွားတာပါ။ ချိတ်ပိတ်ပြီးတော့မှ ဆင်းပေးဖို့ အဲ့ကတည်းက မှာသွားတာ။ ပစ္စည်းတွေကို အားလုံးရွှေ့ပြောင်းပေးလိုက်ပါတယ်။ ရပ်ရွာကပဲ ဝိုင်းဝန်းပြီးတော့ ။ မနေရဲတော့လို့ပေါ့ဗျာ။ “

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ချိတ်ဆက်တယ်ဆိုပြီးအဖမ်းခံထားရတဲ့သူတွေဟာတန့်ဆည်မြို့ရဲစခန်းမှာဖမ်းဆီးချုပ်နှောင်ခံထားရပါတယ်။ရွာမှာကျန်နေတဲ့သူတွေလည်းစစ်ကောင်စီတပ်တွေနောက်ထပ်ဝင်လာမှာကိုစိုးရိမ်တာကြောင့်တိမ်းရှောင်နေကြရပါတယ်။စစ်ကိုင်းတိုင်းဟာစစ်ကောင်စီတပ်တွေရဲ့နည်းလမ်းပေါင်းစုံထိုးစစ်ဆင်တိုက်ခိုက်တာအပြင်ပျူစောထီးတွေရဲ့မီးရှို့မှုတွေကိုနေ့စဉ်နဲ့အမျှရင်ဆိုင်နေရတဲ့တိုင်းတစ်ခုလည်းဖြစ်ပါတယ်ရှင်။

BBC Burmese
နာရေးလူစုလူဝေးကို ပြည်သူ့ကာကွယ်ရေးတပ်ဆိုပြီး အပစ်ခံရတဲ့ ယင်းမာပင်နဲ့ ဒေသခံ နှစ်ယောက်အဖမ်းခံရတဲ့ တန့်ဆည်မြို့ နာရေးလူစုလူဝေးကို ပြည်သူ့ကာကွယ်ရေးတပ်ဆိုပြီး အပစ်ခံရတဲ့ ယင်းမာပင်နဲ့ ဒေသခံ နှစ်ယောက်အဖမ်းခံရတဲ့ တန့်ဆည်မြို့ Reviewed by THITHTOOLWIN on 22:32 Rating: 5

No comments:

Powered by Blogger.