ဝန်းသို - ဖေဖော်ဝါရီ ၂၅၊ ၂၀၂၂။
စစ်ကောင်စီတပ်ဖွဲ့ဝင်တို့၏စခန်းတစ်ခုကို ယမန်နေ့နံနက် ၆ နာရီခန့်က ဝန်းသို PDF နှင့် ဝန်းသို ပကဖ(ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့) ပူးပေါင်းအဖွဲ့တို့ ဝင်ရောက်တိုက်ခိုက်ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၀ ဦးခန့်သေဆုံးခဲ့ကြောင်း သိရသည်။
နမ်းခမ်းကျေးရွာရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ပြည်သူ့ကာကွယ်ရေးတပ်တို့ကြား ၄ နာရီခန့်ကြာ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်က ၃၀ ဦးခန့်သေဆုံးကာ ပျူစောထီးနှစ်ဦးကို ဖမ်းဆီးရမိခဲ့သည်ဟု ခိုင်လုံသည့် သတင်းရင်းမြစ်တစ်ဦးက The 74 Media ကိုပြောသည်။
“ပျူစခန်းနဲ့ ရဲကုန်းကို ကျွန်တော်တို့ ဝင်တိုက်တာ။ လက်နက်ကြီးပစ်ပြီး ကျွန်တော်တို့ တပ်စိတ် ၂စိတ်က ရဲကုန်းကို ဝင်ပစ်တယ်။ ပြီးတော့ တခြားအဖွဲ့နဲ့ ပေါင်းပြီး ပျူစခန်းကို ဝင်ပစ်တယ်။ စကစနဲ့ ပျူတွေ ၃၀ ကျော်ကျတယ်လို့ ရွာသားတွေဆီက တစ်ဆင့်ပြန်သိရတယ်။ ပျူနှစ်ကောင်ကိုတော့ အရှင်ဖမ်းမိခဲ့တယ်။” ဟုပြောသည်။
တိုက်ပွဲဖြစ်ပွားချိန် စစ်ကောင်စီတပ်မှ လက်နက်ကြီးများဖြင့် ပြန်လည်ပစ်ခတ်ခဲ့ပြီး တိုက်ပွဲတွင် ဖမ်းဆီးရမိသည့် ပျူစောထီးနှစ်ဦးကို ကျေးရွာဒေသခံလူကြီးများထံ အပ်နှံခဲ့သည်က သူကဆက်ပြောသည်။
နမ်းခမ်းကျေးရွာရှိ ရဲကုန်းတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၀ ဦးခန့်ရှိပြီး ပျူစောထီးစခန်းတွင် အင်အား ၁၂၀ ခန့်ရှိကြောင်း သိရသည်။
စစ်ကိုင်းတိုင်းတွင် စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်တို့ကြား တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီတပ်သည် ဒေသခံပြည်သူများ၏ နေအိမ်များ မီးရှို့ဖျက်ဆီးလေ့ရှိသည်။
ဝန်းသိုမြို့နယ်၊ နမ်းခမ်းကျေးရွာတွင်လည်း ဖေဖော်ဝါရီ ၈ ရက်နေ့က နေအိမ်နှစ်လုံးကို စစ်ကောင်စီတပ်နှင့် ပျူစောထီးအဖွဲ့တို့ ဝင်ရောက်ဖျက်ဆီးခဲ့သည်။
နမ်းခမ်းကျေးရွာသည် စစ်ကိုင်းတိုင်းအထက်ပိုင်းရှိ ဝန်းသိုမြို့နယ်နှင့် ၁၈ မိုင်ခန့်အကွာတွင်ရှိပြီး အိမ်ထောင်စု ၁၀၀၀ လူဦးရေ ၇၀၀၀ ခန့် နေထိုင်သည့် ကျေးရွာဖြစ်သည်။
The 74 Media
No comments:
Post a Comment