ကျေးရွာတစ်ရွာကို မီးရှို့ဖျက်ဆီးပြီး ချီတက်လာသော စစ်ကောင်စီစစ်ကြောင်း မိုင်းဆွဲခံရသောကြောင့် ၃၆ ဦးခန့် သေဆုံးဟုဆို
ရွှေဘို - ဖေဖော်ဝါရီ ၂၆ ၊ ၂၀၂၂။
ဒေသခံပြည်သူများ၏ ပိုင်ဆိုင်မှုများကို မီးရှို့ဖျက်ဆီးခဲ့သည့် စစ်ကောင်စီစစ်ကြောင်းတစ်ခုကို ယမန်နေ့ နံနက် ၁၁ နာရီခန့်က နတ်တောင်နဂါး ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့က မိုင်းဆွဲတိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။
စစ်သည် အင်အား ၅၀ ခန့်ပါဝင်သော စစ်ကောင်စီစစ်ကြောင်းသည် မော်တော်ကားလေးစီးဖြင့် ရွှေဘိုမြို့၊ ငါးပိအိုးကျေးရွာကို မီးရှို့ဖျက်ဆီးခဲ့ပြီး ဂွေးကုန်းကျေးရွာသို့ ချီတက်လာစဉ် မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း နတ်တောင်နဂါး ပြည်သူ့ကာကွယ်ရေးတပ်မှ တာဝန်ရှိသူတစ်ဦးက The 74 Media ကို ပြောသည်။
“အဝေးထိန်းစနစ်နဲ့ ဖောက်ခွဲတိုက်ခိုက်ခဲ့တာ။ ရှေ့ထွက်မိုင်း အမျိုးအစား ကိုးလုံးနဲ့။ ကားကြီးတစ်စီးကို မိုင်းထိသွားတာ။ အနီးအနားက ရွာခံပြောကြားချက်အရကတော့ ၃၆ ယောက်သေတယ်လို့ ပြောတယ်။ ကျွန်တော်တို့ သွားကြည့်ပေမယ့် အလောင်းက ကောက်သွားတာ”ဟုပြောသည်။
မိုင်းဆွဲတိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် လက်နက်ကြီးများ ရမ်းသမ်းပစ်ခတ်မှုကြောင့် ၎င်းတို့အဖွဲ့ ပြန်လည်ဆုတ်ခွာခဲ့ရကြောင်း သူကပြောသည်။
၎င်းတိုက်ခိုက်မှုကို နတ်တောင်နဂါးပြည်သူ့ကာကွယ်ရေးတပ်၊ GHOST RIDER Spacial Task Force (mdy)နှင့် ပူးပေါင်းတပ်ဖွဲ့မှ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
စစ်ကောင်စီတပ်ဖွဲ့ဝင်များ ကျဆုံးမှုနှင့်ပတ်သက်ပြီး The 74 Media က သီးခြားအတည်ပြုနိုင်ခြင်း မရှိပါ။
စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ ကုလားမလက်ကောက်ကျကျေးရွာကို ဆိုင်ကယ်ခြောက်စီးဖြင့် ဝင်ရောက်လာသော စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ဖေဖော်ဝါရီ ၁၆ရက်နေ့က နတ်တောင်နဂါးပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့က မိုင်းဆွဲတိုက်ခိုက်ခဲ့သောကြောင့် ငါးဦးထက်မနည်း သေဆုံးခဲ့သည်။
The 74 Media
No comments:
Post a Comment