တောင်သုံးလုံးရှိ BGF ၏ လက်နက်ကြီးပစ်ခတ်မှုကြောင့် ရွာသား ၁ ဦးသေဆုံး၊ ၄ ဦးဒဏ်ရာရှိပြီး လူနေအိမ်များ ထိခိုက်ပျက်စီး
Photo-CJ |
ဖေဖော်ဝါရီ ၂၆ရက်၊ ၂၀၂၂ခုနှစ်။
မူတြော်(ဖာပွန်)ခရိုင်၊ ထီးသဘလူ့ထာ့အုပ်စု၊ ဒွယ်လိုးမြို့နယ် တောင်သုံးလုံးစခန်းရှိ နယ်ခြားစောင့်တပ် -BGFတပ်ဖွဲ့မှ ကျေးရွာထဲသို့ လက်နက် ကြီးရမ်းသမ်းပစ်ခတ်မှုကြောင့် ရွာသား ၁ ဦးသေဆုံးကာ ၄ ဦးဒဏ်ရရှိပြီး လူနေအိမ်နှင့် အိမ်မွေးတိရိစ္ဆာန်များ ထိခိုက်သေဆုံးခဲ့သည်ဟု ကေအဲန်ယူ မူတြော်ခရိုင်သတင်းစဉ်က ယနေ့ သတင်းထုတ်ပြန်ခဲ့သည်။
တောင်သုံးလုံးအခြေစိုက် BGF အမှတ် ၁၀၁၃ တပ်ရင်းမှူး မောင်လှကြိုင်၏ညွန်ကြားချက်ဖြင့် ဒုရင်းမှူး ကျော်ဝင်းဆိုသူက ထိုနေ့ည ၉ နာရီခွဲအချိန်တွင် ကပီခီးကျေးရွာထဲသို့ လက်နက်ကြီး ၃ လုံး ပစ်ခတ်ခဲ့ရာတွင် အသက် ၁၉ နှစ်အရွယ် ရွာသား ၁ ဦထိခိုက်သေဆုံးပြီး ၄ ဦးထိခိုက်ဒဏ်ရာရရှိခဲ့သည်။ ၎င်းအပြင် လူနေအိမ် ၅ လုံး၊ ဆိုလာပြားတစ်ချပ်၊ ဆိုင်ကယ်တစ်စီးနှင့် ဝက် ၂ ကောင်ထိခိုက်သေဆုံးခဲ့သည်ဟု မူတြော်ခရိုင်သတင်းစဉ်ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
အဆိုပါ လက်နက်ကြီးပစ်ခတ်မှုကြောင့် အသက် ၁၉ နှစ်အရွယ် ကပီခီးရွာသား စောခူ့နေလားမှာ ကျောကုန်းထိမှန်သေဆုံးခဲ့ခြင်းဖြစ်ပြီး စောဘရီး ၇၀ နှစ်၊ စောဟဲနရီ ၄၆နှစ်၊ နော်ဘူ့ထူး ၄၃ နှစ်နှင့် စောမူးဂေတော ၁၃ နှစ်တို့မှာ အသီးသီးထိခိုက်ဒဏ်ရာရှိခဲ့သည်ဟု သိရသည်။
ထို့အတူ ကေအဲန်ယူ သထုံခရိုင်၊ သထုံမြို့နယ်ရှိ စစ်ကောင်စီ ခမရ အမှတ် ၉ စခန်းကလည်း ဖေဖော်ဝါရီလ ၂၄ ရက်နေ့၊ ည ၉ နာရီခွဲအချိန်တွင် လက်နက်ကြီး ၃ ချက် ရမ်းသမ်းပစ်ခဲ့သည့်အတွက် ကြခတ်ချောင်းကျေးနယ်၊ နောင်ကတုန်အောက်ပိုင်းကျေးရွာအတွင်း ကျရောက်ပေါက်ကွဲကာ လူနေအိမ် ၁ လုံးနှင့် စာသင်ကျောင်း ထိခိုက်ပျက်စီးမှုရှိခဲ့သည်ဟု ကေအဲန်ယူက သတင်းထုတ်ပြန်ထားသည်။
ထိုနေ့တစ်ရက်တည်းတွင် ဘီးလင်းမြို့နယ် ပိန်နဲတော စကခ ၈ စခန်းမှ လက်နက်ကြီး ၄ ချက် ပစ်ခတ်ခဲ့သည့်အတွက် ဒုံသမိချောင်း တစ်ဖက်ကမ်းတွင် ၃ လုံးကျရောက်ပေါက်ကွဲ၍ ပရစ်ခိုကျေးရွာအနီးတွင် ၁ လုံးကျရောက်ပေါက်ကွဲခဲ့သည်လည်း ကေအဲန်ယူ၏ ထုတ်ပြန်ချက်တွင် ဖော်ပြပါရှိသည်။
Karen Information Center -KIC
No comments:
Post a Comment