စစ်ကောင်စီက VPN ခံ၍အင်တာနက်အသုံးပြုလျှင်ဖမ်းဆီးရန်ပြင်ဆင်နေပြီး ၄င်းတို့ပိုင် Mytel အော်ပရေတာကို VPN မခံဘဲ အင်တာနက်သုံးခွင့်ပေးထား


ဇန်နဝါရီ ၂၃ ရက်

အာဏာသိမ်း စစ်ကောင်စီက ဆိုဒ်ဘာလုံခြုံရေးဥပဒေပြဌာန်း၍ အင်တာနက်ကို Virtual Private Network (VPN) နည်းပညာခံ၍ အသုံးပြုသူများကို အရေးယူရန်ပြင်ဆင်နေသည်။

အာဏာသိမ်း စစ်ကောင်စီ ပြဌာန်းရန်ပြင်နေသည့် အဆို ပါဥပဒေသစ်အရ ခွင့်ပြုချက်မရှိဘဲ VPN နည်းပညာ သို့ မဟုတ် အလားတူဆော့ဝဲဖ်များဖြင့် အင်တာနက်အသုံး ပြုပါက ထောင်ဒဏ် ၁ နစ်မှ ၃ နှစ်အထိ သို့မဟုတ် ငွေ ဒဏ်သိန်း ၅ဝ ပြစ်ဒဏ်ချမည်ဟုထည့်သွင်းထားကြောင်း သိရသည်။

သို့သော် အဆိုပါ ဥပဒေသစ်ဖြင့် သန်းဆယ်နှင့်ချီသော အင်တာနက်အသုံးပြုသူ မြန်မာပြည်သူများကို အာ ဏာသိမ်း စစ်ကောင်စီက ထိန်းချုပ်ကန့်သတ်ရန် ပြင်ဆင်နေဆဲအချိန်တွင် စစ်အုပ်စုပိုင် Mytel အော်ပရေတာမှာ အင်တာနက်အသုံးပြုရာတွင် VPN ခံစရာမလိုဘဲ အသုံးပြုရန် ရရှိနေကြောင်း Mytel ဆင်းမ်ကတ်အသုံးပြုသူများထံက သိရသည်။

ဧရာဝတီတိုင်းမ်သတင်းဌာန၏ မေးမြန်းစုံစမ်းမှုများအရ စစ်အုပ်စုပိုင် Mytel အော်ပရေတာတခုသာ VPN ခံစရာမလိုခြင်းဖြစ်ပြီး ကျန်အော်ပရေတာများဖြစ်သည့် MPT၊ 

တယ်လီနော၊ အော်ရီဒူး ဆင်းမ်ကတ်များဖြင့် မိုဘိုင်းဒေတာအသုံးပြုပါက VPN ခံ၍ အသုံးပြုနေရကြောင်း သိရသည်။

''ဘာလို့လဲတော့မသိဘူး။ Mytel က VPN ခံစရာ မလိုဘူး။ ဒီတိုင်းသုံးလို့ရတယ်။ တယ်လီနောနဲ့လိုင်းသုံးရင် VPN ခံရတယ်။ ကျန်တဲ့အော်ပရေတာတွေလည်း အခုထိ VPN ခံပြီးသုံးနေရသေးတယ်လို့ သိရတယ်''ဟု ရန်ကုန်မြို့က Mytel နှင့်တယ်လီနော်ဆင်းမ်ကတ် ၂ ခုအသုံးပြုတဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။

စစ်ကောင်စီက ယင်းကဲ့သို့ ဥပဒေပြဌာန်းအရေးယူရန်ပြင်ဆင်ခြင်း၏ အဓိကရည်ရွယ်ချက်မှာ ပြည်သူများ Facebook လူမှုကွန်ရက် သုံးစွဲမှုရပ်တန့်စေပြီး သတင်းစီးဆင်းမှုပြတ်တောက်စေရန် ရည်ရွယ်လုပ်ဆောင်ခြင်းဖြစ်ကြောင်း နည်းပညာကျွမ်းကျင်သူများက ပြောဆိုကြသည်။

''မင်းအောင်လှိုင် သပ်သပ်ယုတ်မာတာပေါ့။ သူ့ Mytel ကို သုံးတဲ့သူနည်းတော့ VPN မလိုဘဲသုံးရအောင် လုပ်ပေးထားတယ်။ ကျန်တဲ့အော်ပရေတာတွေကလည်း ဒါကိုငြိမ်ခံနေတယ်။ အခုက VPN နဲ့လိုင်းသုံးရင် ထောင်ချမယ်။ ထောင်မကျချင်ရင် Mytel သုံးဆိုတဲ့ အချိုး''ဟု ရန်ကုန်မြို့မှ ဖုန်းဆိုင်ပိုင်ရှင်တဦးက ပြောသည်။

ထို့ပြင် Wifi များတပ်ဆင်၍ အင်တာနက်အသုံးပြုရာတွင်လည်း အချို့ Wifi များက VPN ခံ၍ အသုံးပြုနေရသလို အချို့မှာလည်း VPN မလိုဘဲအသုံးပြု၍ရကြောင်း သိရသည်။

Mytel ဆက်သွယ်ရေးကုမ္ပဏီသည် စစ်ခေါင်းဆောင် မင်းအောင်လှိုင်ပိုင်ဆိုင်သည့်လုပ်ငန်းဖြစ်ပြီး အဆိုပါ Mytel ဆင်းမ်ကတ်အသုံးပြုသူအများစုမှာ စစ်တပ်အသိုင်းအဝိုင်းနှင့်စစ်တပ်ထောက်ခံသည့်အသိုင်းအဝိုင်းများက အများဆုံးအသုံးပြုကြောင်းသိရသည်။

မြန်မာနိုင်ငံတွင် မိုဘိုင်းဖုန်းနှင့် အင်တာနက်အသုံးပြုသူ သန်း ၄ဝ ကျော်ရှိပြီး ယင်းမှာ နိုင်ငံလူဦးရေ၏ ၈၀ ရာ ခိုင်နှုန်းကျော် ပမာဏရှိကြောင်း ကမ္ဘာ့ဘဏ်၏ စာရင်းများအရ သိရသည်။ 

ထို့ပြင် ကမ္ဘာပေါ်၌ Facebook လူမှုကွန်ရက် အများဆုံးသုံးစွဲသည့် နိုင်ငံ ၅ နိုင်ငံထဲတွင် မြန်မာနိုင်ငံ ပါဝင်နေကာ အထူးသဖြင့် ဆက်သွယ်ပြောဆိုရေး၊ သတင်းအချက် အလက်၊ ဖျော်ဖြေရေးနှင့် စီးပွားရေးအတွက် အများဆုံး အသုံးပြုကြကြောင်း သိရသည်။


Ayeyarwaddy Times 

စစ်ကောင်စီက VPN ခံ၍အင်တာနက်အသုံးပြုလျှင်ဖမ်းဆီးရန်ပြင်ဆင်နေပြီး ၄င်းတို့ပိုင် Mytel အော်ပရေတာကို VPN မခံဘဲ အင်တာနက်သုံးခွင့်ပေးထား စစ်ကောင်စီက VPN ခံ၍အင်တာနက်အသုံးပြုလျှင်ဖမ်းဆီးရန်ပြင်ဆင်နေပြီး ၄င်းတို့ပိုင် Mytel အော်ပရေတာကို VPN မခံဘဲ အင်တာနက်သုံးခွင့်ပေးထား Reviewed by THITHTOOLWIN on 22:25 Rating: 5

No comments:

Powered by Blogger.