တိုက်ကြီးမြို့နယ်၊ သပြုရွာအား PDF ကိုဖွက်ထား ပေးခဲ့သည်ဟုဆိုကာ စစ်ကောင်စီကရွာလုံးကျွတ် ဖယ်ရှားခိုင်း


ဇန်နဝါရီ ၁၂ ရက်

ပြီးခဲ့သည့် ဇူလိုင်လအတွင်းက PDFများအားဖမ်း ဆီးရမိခဲ့သည်ဟုဆိုကာ ရန်ကုန်တိုင်း၊ တိုက်ကြီးမြို့နယ်၊သပြုရွာအား  စစ်ကောင်စီတပ်က ရွာလုံးကျွတ်အဓ္ဓမဖယ်ရှားခိုင်းခဲ့ကြောင်း သပြုရွာဒေသခံများထံက သိရသည်။

ဒီဇင်ဘာလ ၁၇ ရက်နေ့က အဆိုပါသပြုကျေးရွာသို့ စစ်ကောင်စီတပ်များကရောက်ရှိလာပြီး ၇ ရက် အတွင်းဖယ်ရှားပေးရန်ဖိအားပေးပြောဆိုခဲ့ကာ အေး အေးဆေးဆေးမဖယ်ရှားပါက ရွာသားများကို ပစ်သတ်ပြီးနေအိမ်များကိုပါမီးရှို့မည်ဟု ခြိမ်းခြောက်ပြောဆိုခဲ့ကြောင်း သိရသည်။

အဆိုပါ ကျေးရွာသည် တိုက်ကြီးမြို့အနောက်ပဲခူးရိုးမအတွင်းတွင်တည်ရှိပြီး စစ်ကောင်စီတပ်က ပြီး ခဲ့သည့် ဇူလိုင်လအတွင်း စစ်ကြောင်းထိုးဝင်ရောက် ရှာဖွေမှုများပြုလုပ်ခဲ့ရာ အဆိုပါကျေးရွာအနီးတောင်ကုန်းများမှ PDFစခန်းများ စီးနင်းခံခဲ့ရကြောင်း သိရသည်။

'' ပြီးခဲ့တဲ့ဒီဇင်ဘာလဝက်ပိုင်းလောက်က ကျွန်မတို့သပြုရွာ အကျော်က ဆင်ဂေါင်းရွာမှာ ဒလန်ဆိုတဲ့လူတယောက်ပစ်သတ်ခံလိုက်ရတယ်။ အဲ့ဒီရွာမှာ ဒလန် ပစ်သတ်ခံရတာကို ဘာမှမဆိုင်တဲ့ ကျွန်မတို့ရွာကို ဖယ်ခိုင်းတာ။ အရင်ကမိဘူးတယ်ဆိုတာကလည်း  ၇ လပိုင်းလောက်က ၃ ယောက်ဖမ်းခံရတာ။ ဒီနောက်ပိုင်း အကုန် လုံးက အေးအေးဆေးဆေးလုပ်ကိုင်စားသောက်နေကြတာ။ အဲ့တာကို အရင်က PDFကိုမိဘူးတယ်။ PDF ကိုဖွက်ထားပေး တယ်။ PDFရွာဆိုပြီး တပတ်အတွင်းဖယ်ခိုင်းတယ်။ ပြောင်းချင်တဲ့နေရာပြောင်း တပတ်အတွင်းမမြင်ချင်ဘူးလို့ပြောတယ်။  တပတ်ပြည့်လို့မှမပြောင်းရင် လူတွေကိုပါပစ်သတ်မယ်။ တရွာလုံးကိုမီးရှို့မယ်လို့ပြောတယ်။ ခု တအိမ်မှမကျန်တော့ဘူး။ အ ကုန်ပြောင်းပြေးရတာ။'' ဟု ပြောင်းရွှေ့ပေးခဲ့ရသည့် သပြုရွာဒေသခံတဦးက ဧရာဝတီတိုင်းမ်ကိုပြော သည်။

အဆိုပါ သပြုရွာသည် ပဲခူးရိုးမအတွင်းကျွန်းစိုက်ခင်း၊ကျွန်းစိုက်ခင်း၊ မန်ဂျန်စိုက်ခင်းနှင့် တောင်ယာလုပ်ငန်းနှင့် တောထဲတွင် မျှစ်ရှာ၊ စပါးလင်စိုက်လုပ်ငန်းများ လုပ် ကိုင်သူများနှင့် ၄င်းတို့၏ မိသားစုများ နေထိုင်ကြသည့်ရွာဖြစ်ကာ အိမ်ခြေ ၃၀ ဝန်းကျင်ရှိ ယခုစစ်ကောင်စီတပ် ၏အဓမ္မဖယ် ရှားခိုင်းခြင်းကြောင့် ရွာလုံးကျွတ်ပြောင်း ရွှေ့ပေးခဲ့ရကြောင်း သိရသည်။

'' ကျွန်တော်တို့ရွာက ဒီနားတဝိုက်က ကျွန်းစိုက်ခင်းတွေရယ်၊ မန်ဂျန်စိုက်ခင်းတွေနဲ့ စပါးလင်စိုက်တဲ့သူတွေ စုပြီးရွာတည်ထားတာ။ ကျွန်တော် တို့ရွာကိုဖယ်ခိုင်းတာအပြင် ရွာနားမှာရှိတဲ့ တောရဘုန်းကြီးကျောင်းတွေကိုပါ ဖယ်ခိုင်းဖို့ သူတို့ လုပ်သေးတယ်။ နောက်ပိုင်း ဒီဘက်တွေကိုသူတို့စစ် ကြောင်းပြန်ထိုးရင် တည်းစရာနေရာမရှိမှာစိုးလို့ ဘုန်းကြီးကျောင်းတွေကိုမဖယ်ခိုင်းတော့ဘူး။ ခုလည်း သူတို့လာရင် ဘုန်းကြီးကပြန်ချက်ကျွေးနေရတယ် ။ လာပြီးဖယ်ခိုင်းတာ ဒီဂျိုးဖြူက တိုင်းဗဟိုတပ်ပါတယ်၊ ကပစတပ်လည်းပါတယ်၊ တပ်တွေက အစုံဘဲ'' ဟု သပြုဒေသခံရွာသားတဦးက ဆိုသည်။

စစ်ကောင်စီတပ်၏ ရွာလုံးကျွတ် အဓ္ဓမဖယ်ရှားခိုင်းစေမှုကြောင့် အဆိုပါ သပြုရွာသွားများသည် ၄င်းတို့ဆွေမျိုးများ နှင့်နီးစပ်ရာဒေသများသို့ ပြောင်း ရွှေ့နေထိုင်နေရကြောင်း ဒေသခံများထံကသိရသည်။


Ayeyarwaddy Times 

တိုက်ကြီးမြို့နယ်၊ သပြုရွာအား PDF ကိုဖွက်ထား ပေးခဲ့သည်ဟုဆိုကာ စစ်ကောင်စီကရွာလုံးကျွတ် ဖယ်ရှားခိုင်း တိုက်ကြီးမြို့နယ်၊ သပြုရွာအား PDF ကိုဖွက်ထား ပေးခဲ့သည်ဟုဆိုကာ စစ်ကောင်စီကရွာလုံးကျွတ် ဖယ်ရှားခိုင်း Reviewed by THITHTOOLWIN on 19:14 Rating: 5

No comments:

Powered by Blogger.