မြိုင်မြို့နယ်တွင် စစ်ကြောင်းထိုးလာသောစစ်ကောင်စီတပ်ကိုဒေသခံPDFများခုခံတိုက်ခိုက် စစ်ကောင်စီတပ် ၇ဦးသေ
(အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များ ဓါတ်ပုံ-AFP) |
-စစ်ကောင်စီတပ်ကကျေးရွာများကိုဖျက်ဆီး၊ ပြည်သူ၃၀၀ခန့်အားလူသားဒိုင်းလုပ်၍ဒေသခံများထွက်ပြေးနေရ
မကွေးတိုင်း၊ မြိုင်မြို့နယ်တွင် စစ်ကြောင်းထိုးလာသည့် အကြမ်းဖက်စစ်ကောင်စီတပ်များအား ဒေသတွင်းမဟာမိတ်အဖွဲ့များက ခုခံတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်ကောင်စီတပ်ဘက်မှ ၇ ဦးသေဆုံးပြီး အများအပြားထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း အဆိုပါအဖွဲ့များက သတင်းထုတ်ပြန်သည်။
ယမန်နေ့ (ဇန်နဝါရီလ ၁၁ ရက်) နံနက်ပိုင်းတွင် မြိုင်မြို့နယ်၊ လက်ယက်မစံပြကျေးရွာသို့ အကြမ်းဖက်စစ်ကောင်စီတပ်မှ အင်အား ၂၀၀ ကျော်ဖြင့် စစ်ကြောင်းထိုးလာရာ ဒေသတွင်းPDFအဖွဲ့များဖြစ်သော ရွှေဓားဗိုလ်အဖွဲ့ ၊ ဗိုလ် Cross အဖွဲ့ နှင့် မဟာမိတ်အဖွဲ့များ ပူးပေါင်းခုခံတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်တပ်ဘက်မှ ၇ ဦးသေဆုံးပြီး အများအပြား ဒဏ်ရာ ရရှိခဲ့ကြောင်း ၎င်းအဖွဲ့များက သတင်းထုတ်ပြန်သည်။
အကြမ်းဖက်စစ်တပ်သည် သာလွန်အင်အား လက်နက်ကြီးအလွန်အကျွံသုံးစွဲသည့်အတွက် PDF များအလျင်အမြန် ဆုတ်ခွာခဲ့ရသော်လည်း အထိအခိုက်မရှိကြောင်း ရွှေဓားဗိုလ် LPDF အဖွဲ့ကဆိုသည်။
သို့သော်လည်း အကြမ်းဖက်စစ်တပ်သည် လက်ယက်မ ကျေးရွာအတွင်းသို့ ဝင်ရောက်၍ နေအိမ် အများအပြား ဖျက်ဆီးခြင်း ၊ ရေစင်များဖျက်ဆီးခြင်း ၊ ဆိုင်ကယ်များ မီးရှို့ ဖျက်ဆီးခြင်း ၊ ဆီဆိုင်တစ်ဆိုင်ကို ဖျက်ဆီးခြင်း ၊အပြစ်မဲ့ပြည်သူ ၃၀၀ ခန့်အား လူသားဒိုင်းအဖြစ် ဖမ်းဆီးထားခြင်း များ လူမဆန်စွာ ပြုလုပ်လျက်ရှိကြောင်းထုတ်ပြန်ချက်တွင်ပါရှိသည်။ ကျေးရွာ ပြည်သူ အမြောက်အများ ဘေးလွတ်ရာတွင် ထွက်ပြေးတိမ်းရှောင် လျက်ရှိရာ စားနပ်ရိက္ခာများ ၊ စောင် ၊ အဝတ်အထည်များ နှင့် ဆေးဝါးများ လိုအပ်လျက်ရှိကြောင်းလည်းဒေသခံအချို့ကပြောသည်။
အကြမ်းဖက်စစ်တပ်သည် မကွေးတိုင်း၊မြိုင်မြို့နယ်အတွင်း တောင်ပိုင်း၊မြောက်ပိုင်း၊ အနောက်မြောက်ပိုင်း၊ နေရာစုံ နေရာ ( ၅ ) နေရာခန့်ခွဲ၍ စစ်ကြောင်းထိုးလျက်ရှိပြီး လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်နေကြောင်း၊ ကျေးရွာအများစုက ပြည်သူများ တိမ်းရှောင်နေရကြောင်း ဒေသခံများက ပြောသည်။
People's Spring
No comments:
Post a Comment