လွိုင်ကော်တိုက်ပွဲ PDF ၁ ဦးကျ၊ စစ်ကောင်စီဘက်က အသေအပျောက်များနိုင်ပြီး သံချပ်ကာကားများကို လက်နက်ကြီးဖြင့် ပြန်ပစ်ခတ်တိုက်ခိုက်
Photo: လွိုင်ကော် PDF |
မဲခေါင်၊ ဇန်နဝါရီ ၈
လွိုင်ကော်မြို့ရှိ မိုင်းလုံးရပ်ကွက်၊ ပန်ကန်းရပ်ကွက်၊ ရွာတန်းရှည်ရပ်ကွက် နှင့် ဆက်စပ် ရပ်ကွက် ကျေးရွာများတွင် ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်များနှင့် အကြမ်းဖက် စစ်ကောင်စီတို့ ယနေ့မနက်မှ စတင်ကာ ညအချိန်ထိ ရင်ဆိုင်တိုက်ပွဲများ ဖြစ်ပွားခဲ့သည်။
ယနေ့တိုက်ပွဲသည် ပြင်းထန်စွာ ဖြစ်ပွားပြီး အကြမ်းဖက် စစ်ကောင်စီဘက်မှ အကြီးအကျယ် ထိခိုက်ပျက်စီးခဲ့သည်။
စစ်ကောင်စီ၏ သံချပ်ကား ကားအား လက်နက်ကြီးဖြင့် ပြန်လည် ပစ်ခတ်ခြင်း၊ ပြောက်ကျားပစ်ခတ်ခြင်း၊ မိုင်းဆွဲခြင်း စသည်တို့ကို ပြုလုပ်နိုင်ခဲ့ပြီး စစ်ကောင်စီ ဘက်မှ ကျဆုံးမှု များပြားသည်ကို မြေပြင်ရဲဘော်များမှတစ်ဆင့် အတည်ပြုနိုင်သည်ဟု လွိုင်ကော် PDF မှ သိရသည်။
ထိခိုက်မှုများသောကြောင့် အကြမ်းဖက်အဖွဲ့များသည် တိုက်လေယာဉ်နှင့် ရဟတ်ယာဉ်များပါ အသုံးပြုကာ ပြည်သူ့ကာကွယ်ရေးတပ်များကို တိုက်ခိုက်ခဲ့ပြီး လူနေအိမ်များကိုလည်း ဖျက်ဆီးခဲ့သည်။
နည်းပညာတက္ကသိုလ်ကဲ့သို့ ပညာရေးအဆောက်အဦတွင်လည်း ဝင်ရောက်နေရာယူပြီး စစ်ရေးဆိုင်ရာ ကျင့်ဝတ်များကို ပြောင်းတင်းစွာ ချိုးဖောက်လျက်ရှိသည်ဟု လွိုင်ကော် PDF က ထုတ်ပြန်သည်။
PDF ဘက်မှ ပြည်သူ့ရဲဘော်အချို့ ဒဏ်ရာရရှိကြပြီး လွိုင်ကော် PDF မှ သူရဲကောင်း ရဲဘော် ရီးရယ်ထွန်းကြည် (ခ) သျှောင်ကြီးဗွေ တိုင်းပြည်အတွက် အသက်ပေးလှူသွားခဲ့သည်။
မိုင်းလုံးနှင့် ပန်ကန်းတစ်ဝိုက်ရှိ အိမ်ပြင် မထွက်နိုင်သော သက်ကြီးရွယ်အိုများအား အိမ်ပြင်သို့ ကယ်ထုတ်နေခိုက် ဒဏ်ရာ ရရှိကာ ကျဆုံးသွားရခြင်းဖြစ်သည်။
ယနေ့ပွဲတွင် KA အပါအဝင် လွိုင်ကော် PDF / KNDF / ဒီးမော့ဆို PDF / KGZ / KPDF နှင့် အခြား မဟာမိတ်အဖွဲ့များ ပါဝင်ပြီး ပြည်သူများပေါ် အနိုင်ကျင့်ပစ်ခတ်နေသော အကြမ်းဖက် စစ်ကောင်စီ တပ်များကို ခုခံလျက်ရှိသည်။
MeKong News - မဲခေါင်သတင်း
No comments:
Post a Comment