ရေစကြို၊ ဇန်နဝါရီ ၁၃၊ ၂၀၂၂။
ရေစကြိုက နေအိမ်အချို့ကို မီးရှို့ ဖျက်ဆီးပြီး PDF တွေကို တောနင်းရှာဖွေဖို့သွားတဲ့ စစ်ကောင်စီတပ်သားတွေထဲက ၂ ဦး မြွေကိုက်ခံရပြီး သေဆုံးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
စစ်ကောင်စီတပ်တွေဟာ ဇန်နဝါရီ ၁၂ ရက် မနေ့ကညနေပိုင်းက မကွေးတိုင်း၊ ရေစကြို့ မြို့နယ်၊ လှေခုတ်ရွာရှိ နေအိမ်အချို့နဲ့ ပစ္စည်းတွေကို မီးရှို့ဖျက်ဆီးတာတွေအပြင် အိမ်မွေးတိရိစ္ဆာန်တွေကိုပါ သတ်ဖြတ်စားသောက်ပြီးတဲ့နောက် PDF တွေကိုရှာဖို့ တောထဲကိုသွားတဲ့အချိန်မှာ အကိုက်ခံလိုက်ရတာဖြစ်တယ်လို့ ဒေသခံတဦးက ပြောပါတယ်။
"မနေ့က ရွာလာပြီးအကြမ်းဖက်စစ်ကောင်စီအဖွဲ့က အိမ်သုံးလုံးရယ်၊ တွေ့သမျှ ဆိုင်ကယ်တွေနဲ့ ထော်လာဂျီတွေကို စုပုံပြီး မီးရှို့သွားပါတယ်။ ရွာထဲက ကြက်၊ ဝက်တွေကိုလည်း အကြမ်းဖက်စစ်ခွေးတွေက သတ်စားသွားတယ်။ ခိုင်းနွား ၂ ကောင်လည်း သေနတ်နဲ့ပစ်လို့ သေသွားတယ်။ ပြီးတော့ PDF တွေကို တောနင်းရှာဖွေတဲ့အချိန်မှာ စစ်ကောင်စီအဖွဲ့ထဲက ၂ ဦး မနေ့က ညနေပိုင်းကမြွေကိုက်ခံရပါတယ်။ ၂ ဦးလုံးပွဲချင်းပြီး သေတယ်။" လို့ ဒေသခံတဦးက ပြောပါတယ်။
လှေခုတ်ရွာမှာ အိမ်ခြေ ၄၀၀ ကျော်နဲ့ လူဦးရေ ၁၀၀၀ ကျော်ရှိပြီး ရွာလုံးကျွတ်နီးပါးက ဘေးလွတ်ရာကိုတိမ်းရှောင်နေခဲ့ရသလို ခုလို စစ်ကောင်စီရဲ့ မီးရှို့ဖျက်ဆီးမှုကို ခံရတာဟာလည်း ပထမဆုံးအကြိမ်ဖြစ်တယ်လို့ ဒေသခံတွေဆီကသိရပါတယ်။
မြေလတ်အသံ - Myaelatt Athan
No comments:
Post a Comment