စစ်ကောင်စီတပ်သားများ တောင်ကြီးရောက် စစ်ရှောင်များထံ PDF သတင်း လိုက်လံမေးမြန်းနေ


ဇန်နဝါရီ ၁၉ 

သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့နယ်အတွင်း ရောက်ရှိလာသော ကရင်နီစစ်ဘေးရှောင်များထံ စစ်ကောင်စီတပ်သားများက PDF သတင်းများ လိုက်လံမေးမြန်းမှုရှိနေကြောင်း သတင်းသိရသည်။ 

တောင်ကြီးမြို့ရှိ မိုးကုတ်ဝိပဿနာကျောင်းနှင့် တခြားသော ဘာသာရေးကျောင်းများတွင် ခိုလှုံနေထိုင်နေသည့် ကရင်နီစစ်ရှောင်များထံသို့ အရပ်ဝတ်နှင့် စစ်ကောင်စီတပ်သားများရောက်လာပြီး PDF သတင်းများ စုံစမ်းမေးမြန်းမှုများ ရှိနေကြောင်း ဒေသခံများက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“စစ်ရှောင်တွေရှိနေတဲ့ ဘုန်းကြီးကျောင်းတွေ၊ တခြား ဘာသာရေးကျောင်းတွေ၊ မိဘမဲ့ကျောင်းတွေကို လိုက်လာပြီး တာဝန်အရ စစ်ဆေးသလိုနဲ့ PDF တွေနဲ့ တွေ့ဖြစ်သေးလား၊ သူတို့က ဘယ်နေရာမှာရှိလဲဆိုပြီး စစ်ဘေးရှောင်တွေကို မေးတယ်” ဟု တောင်ကြီးမြို့မှ ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။ 

ထို့အပြင် ယမန်နေ့ ဇန်နဝါရီလ ၁၈ ရက်နေ့ ညနေ ၆ နာရီခွဲဝန်းကျင်အချိန်တွင်လည်း လက်နက်အပြည့်အစုံ ပါရှိသည့် စစ်ကောင်စီတပ်သားအင်အား ၇၀ နီးပါးခန့်သည် စဝ်စံထွန်းစျေး (အောက်စျေး) အနီးပတ်ဝန်းကျင်ရှိ ဆိုင်များတွင် ဖုန်းဖြင့် ပုံပြပြီး လိုက်လံမေးမြန်းမှုများ ပြုလုပ်နေကြောင်း သတင်းသိရသည်။ 

“ကားတွေ ဆိုင်ကယ်တွေကိုတားပြီး စစ်တယ်၊ ဖုန်းထဲက ယောက်ကျားလေးပုံတွေပြပြီးတော့ သိလားလို့ မေးတယ်၊ လမ်းသွားလမ်းလာတွေနဲ့ ဆိုင်ထဲကလူတွေကိုလည်း လိုက်မေးတာ တွေ့ရတယ်၊ အရေးကြီးတဲ့ သူထင်တယ်” ဟု တောင်ကြီးဒေသခံ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။ 

အာဏာသိမ်း စစ်ကောင်စီတပ်ဖွဲ့သည် သျှမ်းပြည်မှ စစ်ကူအင်အားများစွာဖြင့် ကရင်နီပြည်အတွင်းသို့ ထိုးစစ်ဆင်နေလျက်ရှိပြီး သျှမ်းပြည်တောင်ပိုင်းအတွင်း မြို့ရွာများတွင် PDF များနှင့် ဆက်စပ်သူများကိုလည်း ပိုက်စိပ်တိုက် ရှာဖွေဖမ်းဆီးမှုများ ပြုလုပ်နေကြောင်း သိရသည်။

ကရင်နီပြည်အတွင်းသို့ အကြမ်းဖက်နည်းလမ်းများဖြင့် ထိုးစစ်ဆင် တိုက်ခိုက်သည့် စစ်ကောင်စီတပ်ဖွဲ့ ကြောင့် သျှမ်းပြည်တောင်ပိုင်းအတွင်းသို့ စစ်ရှောင်လာသည့် ကရင်နီပြည်သူများ သုံးသောင်းဝန်းကျင်ခန့်က စားနပ်ရိက္ခာ၊ အနွေးထည်၊ စောင်၊ ဆေးဝါးနှင့် တစ်ကိုယ်ရေသုံးပစ္စည်းများ အရေးကြီး လိုအပ်လျက်ရှိကြောင်း သိရသည်။


SHAN News (Burmese Version) 

စစ်ကောင်စီတပ်သားများ တောင်ကြီးရောက် စစ်ရှောင်များထံ PDF သတင်း လိုက်လံမေးမြန်းနေ စစ်ကောင်စီတပ်သားများ တောင်ကြီးရောက် စစ်ရှောင်များထံ PDF သတင်း လိုက်လံမေးမြန်းနေ Reviewed by THITHTOOLWIN on 19:28 Rating: 5

No comments:

Powered by Blogger.