စစ်ကောင်စီအားပေး Non-CDMများကို စစ်ရေးပစ်မှတ်အဖြစ် သတ်မှတ်ကြောင်း ကျိုက်ထိုတော်လှန်ရေးအင်အားစု နောက်ဆုံးအကြိမ်သတိပေး
မွန်ပြည်နယ် ကျိုက်ထိုမြို့နယ်အတွင်းရှိ စစ်ကောင်စီယန္တရားများလည်ပတ်အောင် အထောက်အကူပြုနေသော Non-CDM ဝန်ထမ်းများနှင့် ဌာနဆိုင်ရာများကို စစ်ရေးပစ်မှတ်အဖြစ်သတ်မှတ်၍ တိုက်ခိုက်သွားမည်ဖြစ်ကြောင်း ကျိုက်ထိုတော်လှန်ရေးအင်အားစု(KRF)က နောက်ဆုံးအကြိမ် သတိပေးလိုက်သည်။
ထွေအုပ်၊ စည်ပင်၊ အခွန်၊ မြေစာရင်း၊ စီးပွားရေးဘဏ်၊ လဝက၊ စိုက်ဘဏ်၊ လျှပ်စစ်၊ တ ရားရုံး၊ ဥပဒေရုံးနှင့် အခြားစစ်ကောင်စီအားပေးကြသော အဖွဲ့အစည်းနှင့် ဌာနဆိုင်ရာအားလုံးကို စစ်ရေးပစ်မှတ်အဖြစ် သတ်မှတ် ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။
"သင်တို့သည် စစ်အာဏာရှင်လက်အောက်တွင် ပြည်သူ့ဆန္ဒအား မျက်ကွယ်ပြုလျက် မိမိတစ်ဦးတစ်ယောက် ကောင်းစားရေးအတွက် စကစယန္တရားအား လည်ပတ်စေရန် ပါဝင်လုပ်ကိုင်လျက်ရှိကြောင်း ကျွန်ုပ်တို့ စုံစမ်း သိရှိရသည်"ဟု KRF က ဆိုသည်။
စည်ပင်ဝန်ထမ်းများမှ အခွန်၊ မီတာခစသည် အတင်းအကြပ်ကောက်ခံခြင်း၊ ကျန်ဌာနဆိုင်ရာရုံးများသည်လည်း စစ်ကောင်စီအလိုကျ ဆောင်ရွက်လုပ်ကိုင်နေသည့်အတွက် ပြည်သူများအနေဖြင့် စိုးရိမ်သောက ဖြစ်နေရသည်ဟု သိရသည်။
"ကျွန်တော်တို့ဟိုးအရင်ကတည်းက အဲလိုအ တင်းအကြပ်ကောက်ခံတာတွေ ဆက်မလုပ် ဆောင်ဖို့ကိုလည်း သတိပေးပြီးသားပါ။ သူတို့က ခုနောကိပိုင်း ပိုဆိုးလာတယ် အခွန်ကိုတိုးကောက်တာတို့ ကျေးရွာတွေကို မီးဖြတ်ပြီး မီတာလာဆောင်မှ မီးပေးမယ်လို့ အတင်းအကြပ်ထပ်လုပ်ဆောင်လာလို့ပါ"ဟု KRF မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
ထို့ကြောင့် ပြည်သူများအနေဖြင့်လည်း စစ်ရေးပစ်မှတ်အဖြစ် သတ်မှတ်ထားသော အထက်ပါရုံးဌာနများသို့ သွားလာခြင်း၊ Non-CDM ဝန်ထမ်းများနှင့် ဆက်ဆံခြင်းများကို အထူးရှောင်ရှားကြရန်နှင့် လိုက်နာခြင်းမရှိပါက ဖြစ်ပေါ်လာမည့်အကျိုးဆက်များကို လုံးဝတာဝန်ယူမည်မဟုတ်ကြောင်း KRF က အသိပေးတိုက်တွန်းထားသည်။
People’s Spring
No comments:
Post a Comment