ဖျက်ဆီး ချိတ်ပိတ်ခံရသည့် နေအိမ်နှင့် ဝန်းသို NLD အမတ် ဒေါ်ခိုင်ခိုင်ဝင်း/ Photo – WR , ပေးပို့ |
MFP ၊ ဇန်နဝါရီ - ၁၁
စစ်ကိုင်းတိုင်း ဝန်းသိုမြို့နယ် တိုင်းလွှတ်တော်အမတ်၏ နေအိမ်ကို စစ်အုပ်စုက ချိတ်ပိတ်ရုံမျှသာ မကဘဲ ဝင်ရောက်မွှေနှောက် လုယက်ကာ ဖျက်ဆီးသွားကြောင်း ဒေသခံများက MFP သို့ ပြောသည်။
စစ်အုပ်စုသည် ဇန်နဝါရီ(၂)ရက် ညပိုင်းတွင် ဝန်းသိုမြို့နယ် မဲဆန္ဒနယ် အမှတ်(၂) တိုင်းလွှတ်တော် ကိုယ်စားလှယ် ဒေါ်ခိုင်ခိုင်ဝင်း၏ နေအိမ်သို့ စီးနင်းဝင်ရောက်ကာ နေအိမ်အတွင်းရှိ ပစ္စည်းများကို ထင်တိုင်းကျဲ သောင်းကျန်း ဖျက်ဆီးခဲ့ကြောင်း၊ ထို့နောက် ဇန်နဝါရီ(၁၀)ရက်တွင် နေအိမ်ကို ချိတ်ပိတ်ခဲ့ခြင်း ဖြစ်ကြောင်း ဝန်းသိုတော်လှန်ရေးအဖွဲ့ - WR က ဆိုသည်။
စစ်အုပ်စုက နေအိမ်ကို ဝင်ရောက် မွှေနှောက်ဖျက်ဆီးကာ ချိတ်ပိတ်သွားသော်လည်း လုပ်စရာရှိသော အလုပ်များကို ဆက်လက်လုပ်ကိုင်မည်ဟု အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ (NLD) လွှတ်တော်အမတ် ဒေါ်ခိုင်ခိုင်ဝင်းက လူမှုကွန်ရက်တွင် ရေးသည်။
"ငါ့အိမ်ကို ချိတ်ပိတ်တာတဲ့လား။ အဲတာက နင့်တို့အလုပ်၊ ငါကတော့ ငါ့အလုပ် ငါလုပ်မှာဟေ့" ဟု ဒေါ်ခိုင်ခိုင်ဝင်းက ဆိုသည်။
စစ်တပ်က အာဏာသိမ်းသည့် ဖေဖေါ်ဝါရီ(၁)ရက်မှ ဇန်နဝါရီ(၁)ရက်အထိ NLD ပါတီဝင်များ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ပါတီဝန်းရံသူပြည်သူများ၏ နေအိမ်နှင့် အဆောက်အဦများ ဥပဒေမဲ့ ဝင်ရောက်၍ ပစ္စည်းများ သိမ်းဆည်း သယ်ယူသွားခြင်း၊ ဖျက်ဆီးမီးရှို့ခဲ့ခြင်းများအပြင် အကြောင်းအမျိုးမျိုးပြ၍ နေအိမ်များကို ချိတ်ပိတ်မှုများရှိခဲ့ကာ ရရှိသောစာရင်းများအရ ချိတ်ပိတ်ခံရသူ စုစုပေါင်း (၇၇) ဦးရှိကြောင်း NLD ဗဟိုပြန်ကြားရေးကော်မတီက ပြီးခဲ့သည့် ရက်ပိုင်းအတွင်း ထုတ်ပြန်သည်။
စစ်ကောင်စီသည် NLD ပါတီဝင်များ၏ နေအိမ်၊ အဆောက်အဦးများအပြင် PDF၊ CRPH နှင့် NUG တို့ကို ကူညီ ထောက်ပံ့သည်ဟူသော စွပ်စွဲချက်ဖြင့် အရပ်သားပြည်သူများ၏ နေအိမ်၊ အဆောက်အဦးများ ကိုလည်း ချိတ်ပိတ်လျှက် ရှိသည်။
ထို့အပြင် အရပ်သားပြည်သူများ၏ နေအိမ်များကိုလည်း စစ်အုပ်စုက လက်နက်အားကိုးဖြင့် ထင်တိုင်းကျဲ သောင်းကျန်းမွှေနှောက်ကာ ခိုးယူလုယက် မီးရှို့ဖျက်ဆီးလျှက် ရှိသည်။
Mandalay Free Press - MFP
No comments:
Post a Comment