စစ်ကောင်စီနဲ့ MNDAA တို့ တိုက်ပွဲကြောင့် ၅ လကျော်ကြာ စစ်ရှောင်နေကြတဲ့ ရွာခံတွေအတွက် စားနပ်ရိက္ခာ ခက်ခဲလာ

သတင်း/ဓာတ်ပုံ- NWM

ဇန်နဝါရီ ၂၄ ရက်၊ မုံးကိုး

ရှမ်းမြောက် မြန်မာ-တရုတ်နယ်စပ် မူဆယ်ခရိုင် မုံးကိုးမြို့မှာ လွန်ခဲ့တဲ့ ၂၀၂၁ ဇူလိုင်လဆန်းကနေ ဒီနေ့အထိ စစ်ကောင်စီတပ်နဲ့ ကိုးကန့်တပ်မတော် (MNDAA)တို့ တိုက်ပွဲပြင်းထန်တာကြောင့် ၅ လကျော်ကြာ စစ်ရှောင်နေကြရတဲ့ ဒေသခံတွေအတွက် စားနပ်ရိက္ခာ ခက်ခဲလာနေတယ်လို့ စခန်းတာဝန်ခံတွေက ပြောပါတယ်။

မုံးကိုး စစ်ရှောင်စခန်းတွေဟာ တရုတ်နိုင်ငံနဲ့ နီးကပ်ပြီး တရုတ်ဘက်က နယ်ခြားသံဆူးကြိုးတွေ တည်ဆောက်ထားသလို လက်ရှိအချိန်ထိ စစ်ရှောင်တွေကို ကူညီထောက်ပံ့တာတွေလည်း မရှိပါဘူး။

မုံးကိုးမြို့ ဖောင်းဆိုင်ဒေသမှာ စစ်တပ်နဲ့ MNDAA တို့အကြား လွန်ခဲ့တဲ့ ၂၀၂၁ ခုနှစ် ဇူလိုင်လဆန်းထဲမှာ တိုက်ပွဲစတင်ဖြစ်ပွားခဲ့ပြီး ဩဂုတ် ၂၉ ရက်မှာ ဖောင်းဆိုင်ဒေသ နမ်ဟာရွာတစ်ဝိုက်မှာ ပြင်းထန်တဲ့တိုက်ပွဲ ဖြစ်ပွားခဲ့လို့ ကျေးရွာပေါင်း ၇ ရွာ လူဦးရေ (၇၀၀)ကျော်ဟာ မုံးကိုးမြို့ထဲ တိုက်ပွဲတိမ်းရှောင်ခဲ့ကြတာပဲ ဖြစ်ပါတယ်။

နမ်ဟာရွာမှ စစ်ရှောင်တစ်ဦးက “ကျွန်တော်တို့ရွာမှာ ဩဂုတ်လ ၂၈ ရက်က လက်နက်ကြီး ကျရောက်ပြီး လူ ၄ ဦး သေဆုံးခဲ့တယ်။ တိုက်ပွဲ အကြီးအကျယ်ဖြစ်နေလို့ ဩဂုတ်လ ၂၉ ရက်မှာ မုံးကိုးမြို့ပေါ်ကို စစ်ရှောင်လာကြတာ​။ မုံးကိုးရောက်တော့ မုံးကိုး KBC ဘုရားကျောင်းမှာ နေထိုင်ခွင့်ရတယ်။ အစားအစာတွေလည်း မြို့ကလူတွေ တစ်ယောက်နည်းနည်း လာပေးကြတယ်” လို့ ပြောပါတယ်။

လက်ရှိ စစ်ရှောင်တွေရဲ့ အခြေအနေနဲ့ပတ်သက်ပြီး စခန်းတာဝန်ခံတစ်ဦးက အခုလို ပြောပြပါတယ်။

“မုံးကိုးမြို့ပေါ် ရောက်လာကြတဲ့ စစ်ရှောင်တွေရဲ့ စားဝတ်နေရေးကို ကျွန်တော်တို့ KBC ဘုရားကျောင်းကနေ တာဝန်ယူထားပါတယ်။ ၅ လကျော်ထိ ဒီမှာဘဲ စစ်ရှောင်နေရတာဖြစ်လို့ သူတို့အတွက် စားနပ်ရိက္ခာ ပြတ်တောက်တော့မယ့့်အထိ ကြုံနေရတယ်။ ဘယ်အချိန်ထိ စစ်ရှောင်နေရအုံးမလဲ မသိလို့လေ။ အကူညီပေးရေး NGO, CSO အဖွဲ့တွေလည်း အရောက်နည်းတယ်။ အဓိကတော့ ဆန်၊ ဆီ၊ ဆားနဲ့ ယာယီအဆောက်အအုံတွေ လိုအပ်နေတယ်”

အလားတူ စစ်ရှောင်တွေအတွက် စားနပ်ရိက္ခာ ကူညီထောက်ပံ့ပေးဖို့လည်း အလှူရှင်တွေအနေနဲ့ အခက်ကြုံနေကြရပါတယ်။

မုံးကိုးမြို့အဝင် စစ်ကောင်စီတပ်ရဲ့ဂိတ်တစ်ခုမှာ လွန်ခဲ့တဲ့ ၂၀၂၁ ခုနှစ် ဩဂုတ်လကနေ ဒီနေ့အထိ ဆန်အိတ်တွေ သယ်ဆောင်ခွင့်ကို ပိတ်ပင်ထားပြီး စစ်ဆေးမှု တင်းကြပ်ထားတယ်လို့ မုံးကိုးမြို့ခံတစ်ဦးက ပြောပါတယ်။

လက်ရှိ မုံးကိုးမြို့မှာ စစ်ရှောင်တွေကို နေရာ ၃ ခုမှာ ထားရှိပြီး တအာင်းလူမျိုးတွေ အများဆုံးဖြစ်ကာ လူဦးရေ (၄၉၇)ဦးနဲ့ ကလေးငယ် (၉၄)ဦး စစ်ရှောင်ရင်း ကလေးမီးဖွားပြီးစ မိခင် (၁၁)ဦး ပါဝင်နေပါတယ်။


Shwe Phee Myay News Agency 

စစ်ကောင်စီနဲ့ MNDAA တို့ တိုက်ပွဲကြောင့် ၅ လကျော်ကြာ စစ်ရှောင်နေကြတဲ့ ရွာခံတွေအတွက် စားနပ်ရိက္ခာ ခက်ခဲလာ စစ်ကောင်စီနဲ့ MNDAA တို့ တိုက်ပွဲကြောင့် ၅ လကျော်ကြာ စစ်ရှောင်နေကြတဲ့ ရွာခံတွေအတွက် စားနပ်ရိက္ခာ ခက်ခဲလာ Reviewed by THITHTOOLWIN on 19:36 Rating: 5

No comments:

Powered by Blogger.