မင်းကွန်းခေါင်းလောင်းကြီးနှင့် ပုံစံတူ ခေါင်းလောင်းရုပ်ကို စဉ့်ကိုင် LPDF က ဖောက်ခွဲဖျက်ဆီး၊


ဇန်နဝါရီ - ၂၆

စစ်ခေါင်းဆောင် ယတြာချေရန်အတွက် ကျောက်ဆည်မြို့ရှိ ဆင်ချိုးပညာရှင်က ပြုလုပ်ထားသည့် မင်းကွန်း ခေါင်းလောင်းကြီးနှင့် ပုံစံတူ ခေါင်းလောင်းရုပ်ကို စဉ့်ကိုင် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ LPDF (SINTGAING)က ယနေ့ နေ့လည်ပိုင်းတွင် လက်ပစ်ဗုံးဖြင့် ထုကာ ဖောက်ခွဲဖျက်ဆီးခဲ့ကြောင်း ဒေသခံ သတင်းရင်းမြစ်များက MFP သို့ ပြောသည်။

ယနေ့ ဇန်နဝါရီ(၂၆)ရက် နေ့လည်(၁)နာရီဝန်းကျင်က ကျောက်ဆည်မြို့၊ ရဲစုရပ်ရှိ မင်းကွန်း ခေါင်းလောင်းကြီးနှင့် ပုံစံတူ ခေါင်းလောင်းရုပ်ကို လက်ပစ်ဗုံးဖြင့် ထုကာ ဖောက်ခွဲ ဖျက်ဆီးခံရခြင်း ဖြစ်သည်ဟု ဆိုသည်။

"ဒီနေ့ပဲ လက်ပစ်ဗုံးတစ်လုံးနဲ့ ထုခဲ့တာ။ လူတွေတော့ မထိပါဘူး။ ပေါက်ကွဲသံတော့ အကျယ်ကြီး ကြားရပါတယ်။ ထက်ခြမ်းကွဲလား ကျွန်တော်တို့လည်း သေချာစောင့်မကြည့်လိုက်ရဘူး။ သူက မိုးကာနဲ့ အုပ်ထားတာပါ" ဟု စဉ့်ကိုင် LPDF ရဲဘော်တစ်ဦးက MFP သို့ ပြောသည်။

အဆိုပါ မင်းကွန်းခေါင်းလောင်းကြီးနှင့် ပုံစံတူ ခေါင်းလောင်းအရုပ် ချိုးပေးရန်အတွက် စကစ လက်အောက်ခံ ကျောက်ဆည် ထွေအုပ်ဝန်ထမ်းများက ကျောက်ဆည်မြို့ ရဲစုရပ်ကွက်ရှိ သိန်းအောင် ဆင်ချိုးလုပ်ငန်းထံ အပ်နှံခဲ့ခြင်း ဖြစ်သည်ဟု Kyaukse Media က ဖော်ပြထားသည်။

သို့သော် အဆိုပါ မင်းကွန်းခေါင်းလောင်းကြီးနှင့် ပုံစံတူ အရုပ်ကို စစ်ခေါင်းဆောင် ယတြာချေရန် အတွက်လား၊ နေပြည်တော်၌ ပြုလုပ်မည့် ပွဲအတွက် အသုံးပြုမည်လား ဆိုသည်ကို MFP အနေဖြင့် သီးခြား အတည်ပြုနိုင်ခြင်း မရှိသေးပါ။

အဆိုပါ ခေါင်းလောင်းပုံတူကို ဖောက်ခွဲခဲ့သည့် စဉ့်ကိုင် LPDF တပ်ဖွဲ့ကမူ “၄င်းတို့သည် ပြည်သူနှင့် တသွေးတည်း တသားတည်း တည်ရှိပြီး ပြည်သူ့ဆန္ဒကိုသာ ဦးထိပ်တင်သော အဖွဲ့အစည်း ဖြစ်သောကြောင့် နောက်နောင်တွင်လည်း ပြည်သူများ ကိုယ်စိတ်နှစ်ပါး အတိဒုက္ခရောက်စေရန် နည်းအမျိုးမျိုးဖြင့် ဒုက္ခပေးနေသော မအလ မင်းအောင်လှိုင်နှင့် ပက်သက်ရာ ပက်သက်ကြောင်းများ၊ အရိုးကိုက်များ အားလုံးကို အလျဉ်းသင့်လျှင် သင့်သလို ရှင်းလင်းသုတ်သင်ဖ ဖယ်ရှား ပစ်မည်ဖြစ်ပါတယ်" ဟု ထုတ်ပြန်ထားသည်။


Mandalay Free Press - MFP

မင်းကွန်းခေါင်းလောင်းကြီးနှင့် ပုံစံတူ ခေါင်းလောင်းရုပ်ကို စဉ့်ကိုင် LPDF က ဖောက်ခွဲဖျက်ဆီး၊ မင်းကွန်းခေါင်းလောင်းကြီးနှင့် ပုံစံတူ ခေါင်းလောင်းရုပ်ကို စဉ့်ကိုင် LPDF က ဖောက်ခွဲဖျက်ဆီး၊ Reviewed by THITHTOOLWIN on 20:59 Rating: 5

No comments:

Powered by Blogger.