KNU တပ်မဟာ ၁ နှင့် ၅ နယ်မြေအတွင်း နေ့တိုင်းတိုက်ပွဲပြင်းထန်


ဓာတ်ပုံ - ကရင်ပြည်နယ်က KNLA တပ်ဖွဲ့မှ သိမ်းဆည်းရမိတဲ့ စစ်ကောင်စီရဲ့လက်နက်ခဲယမ်းတွေကိုတွေ့ရစဉ်။ (Photos: KNLA)

ဇန်နဝါရီလ ၁၇ ရက်နေ့ ၊ ၂၀၂၂

မွန်ပြည်နယ် KNU တပ်မဟာ ၁ နှင့် ကရင်ပြည်နယ် ဖာပွန်ခရိုင် KNU တပ်မဟာ ၅ နယ်မြေအတွင်းမှာ နေ့တိုင်းလိုလို တိုက်ပွဲပြင်းထန်နေပြီး စခန်းသိမ်းတိုက်ပွဲ၊ မိုင်းဆွဲတိုက်ခိုက်သည့်တိုက်ပွဲတွေ ဖြစ်ပွားနေတယ်လို့ နယ်မြေခံ KNLA သတင်းရင်းမြစ်ထံမှ သိရပါတယ်။ 

ဒီနေ့ ဇန်နဝါရီ ၁၇ ရက်နေ့မှာ မွန်ပြည်နယ် သထုံမြို့နယ် ပိန္နဲတောအလယ်ရွာ (ကံတဒေါ်နီ) ဘုန်းကြီးကျောင်းတွင် အခြေချတပ်စွဲထားတဲ့စစ်ကောင်စီတပ်ဖွဲ့နှင့် BGF ပူးပေါင်းတပ်ဖွဲ့တို့ကို KNLA တပ်ရင်း၂ ပူးပေါင်းတပ်ဖွဲ့တို့က မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ စစ်ကောင်စီတပ်ဖွဲ့ဝင်တချို့သေဆုံးခဲ့တယ်လို့ တပ်ရင်း၂ တပ်မှူးတစ်ဦးကပြောပါတယ်။ 

"ဒီမနက် ၅ နာရီအချိန်လောက်မှာ မိုင်းဆွဲတိုက်ခိုက်တယ်။ စစ်ကောင်စီတပ်ဖွဲ့ဝင်တို့က မနက်ထ မျက်နှာသစ်ပြီး ချက်ပြုတ်နေချိန်မှာ မိုင်းဆွဲလိုက်တယ်။ အနည်းဆုံးတော့ ၆ ဦးလောက်သေဖို့ရှိတယ်။ ထိခိုက်ဒဏ်ရာလည်းရှိမယ်။ အနားမှာကပ်လို့မရတော့ အသေးစိတ်မသိရဘူး" လို့ အဆိုပါ KNLA တပ်မှူးပြောပါတယ်။ 

တိုက်ခိုက်မှုဖြစ်ပွားပြီးနောက် အဲ့ဒီဘုန်းကြီးကျောင်းမှာသီတင်းသုံးနေတဲ့ဘုန်ကြီးတွေကိုလည်း စစ်ကောင်စီတပ်ဖွဲ့တွေက အပြင်ပေးမထွက်တော့သလို ဖုန်းလည်းပေးမကိုင်တော့ဘူးလို့သိရကြောင်း အဆိုပါတပ်မှူးကပြောပါတယ်။ 

အဲ့ဒီနေရာမှာတပ်စွဲနေထိုင်တဲ့ စစ်ကောင်စီတက်ဖွဲ့နှင့် BGF အမှတ် ၁၀၁၄ ဗိုလ်မောင်ချစ်လက်အောက်ခံပူးပေါင်းအဖွဲ့သည် ပိန္နဲတောစခန်းအရံတပ်ဖွဲ့ဖြစ်ပြီးနေထိုင်တာလည်းကြာပြီးလို့အထက်ပါတပ်မှူးကပြောပါတယ်။

ဒါ့အပြင် ယနေ့ ညနေ ၄ နာရီခန့်တွင် ဒေါင်းရပ်ကြက်တူရွေးကုန်းမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်အပြည့်တင်ဆောင်လာသည့်ယာဉ် ၇ စီးကို KNLA တပ်ရင်း၂ ပူးပေါင်းတပ်ဖွဲ့တို့က မိုင်းဆွဲတိုက်ခိုက်တာကြောင့် ယာဉ်တစ်စီး လုံးဝပျက်စီးသွားတယ်လို့ အဆိုပါတပ်မှူးကပြောပါတယ်။ 

"အဲ့ဒီစစ်ကောင်စီယာဉ် ၇ စီးသည်သထုံဖက်ကလာတာဖြစ်တယ်။ ဘီးလင်း နတ်ကြီးဖက်မဟုတ်ရင် ကျိုက်ထို ဇီပြောင်းဖက်ဦးတည်နိုင်တယ်" လို့ တပ်မှူးကပြောပါတယ်။ 

ဒီကနေ့ နေ့လယ် ၁ နာရီမှာလည်း ဘီးလင်းမြို့နယ် မဲပလီရွာ (မယ်ပရိခီးရွာ) ရှိစစ်ကောင်စီအခြေစိုက်စခန်းတွင် စစ်ကောင်စီရဟတ်ယာဉ်တစ်စင်းဆင်းသက်ခဲ့တယ်လို့ ဒေသခံထံမှသိရပါတယ်။ 

ထိုရဟတ်ယာဉ်သည် KNU တပ်မဟာ ၅ နယ်မြေရှိ မဲခြုံနှင့် မဲပလိကြားက ထိခိုက်ဒဏ်ရာရသည့် စစ်ကောင်စီနှင့် BGF ပူးပေါင်းတပ်ဖွဲ့ဝင်တွေကို လာရောက်သယ်ယူတာဖြစ်နိုင်တယ်လို့ အဆိုပါ KNLA တပ်မှူးက ခန့်မှန်းပါတယ်။ 

ပြီးခဲ့တဲ့ရက်ပိုင်းက အဲ့ဒီနေရာက စစ်ကောင်စီနှင့် BGF ပူးပေါင်းတပ်ဖွဲ့ရဲ့တပ်စခန်းတစ်ခုကို KNLA အမှတ် ၅ တပ်ဖွဲ့ကတိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး စခန်းကိုမီးရှို့ဖျက်ဆီးခဲ့ပါတယ်။ 


Salween Press

KNU တပ်မဟာ ၁ နှင့် ၅ နယ်မြေအတွင်း နေ့တိုင်းတိုက်ပွဲပြင်းထန် KNU တပ်မဟာ ၁ နှင့် ၅ နယ်မြေအတွင်း နေ့တိုင်းတိုက်ပွဲပြင်းထန် Reviewed by THITHTOOLWIN on 23:56 Rating: 5

No comments:

Powered by Blogger.