KIA နှင့် မြို့လှ PDF ပေါင်းတိုက်သဖြင့် စစ်ကောင်စီ ၁၅ ယောက်ခန့်သေ


မဲခေါင်၊ ဇန်နဝါရီ ၁၈

စစ်ကိုင်းတိုင်း၊ မြို့လှမြို့၊ ရွှေငြိမ်းချမ်းရွာမှ ခြေလျင်တက်လာသည့် အင်အား ၅၀ ခန့်ပါ စစ်ကောင်စီတပ်အား အမှတ်ကြီးကုန်းကျေးရွာအနီးတွင် KIA နှင့် မြို့လှ PDF ပူးပေါင်းအဖွဲ့က ဇန်နဝါရီ ၁၇ မနက်ပိုင်းတွင် တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီဘက်က ၁၅ ယောက်ခန့် ကျဆုံးသည်ဟု မြို့လှ PDF က ယနေ့ထုတ်ပြန်သည်။

တိုက်ခိုက်မှုတွင် လက်နက်ကြီး၊လက်နက်ငယ်များ အပြန်အလှန်ပစ်ခတ်ခဲ့ပြီး မြို့လှ PDF ဘက်မှလည်း ရဲဘော် ၃ ဦး ထိခိုက်ဒဏ်ရာများရရှိခဲ့သည်။ စစ်ကောင်စီဘက်က သေဆုံးသူနှင့်ဒဏ်ရာရရှိသူများအား ယနေ့မနက်ပိုင်းတွင် နီးစပ်ရာရေလမ်းဖြင့် သယ်ဆောင်သွားသည်ဟုလည်း ထုတ်ပြန်သည်။

ကချင်ပြည်နယ်နှင့် စစ်ကိုင်းတိုင်းနယ်စပ် မြို့လှမြို့နယ်တွင် စစ်ကောင်စီတပ်များအား KIA နှင့် မြို့လှ PDF အဖွဲ့များက မကြာခဏတိုက်ခိုက်လေ့ရှိသည်။

ဇန်နဝါရီ ၁၅ နှင့် ၁၆ ရက်များတွင်လည်း ရေလမ်းခရီးဖြင့်လာသည့် စစ်ကောင်စီသင်္ဘောများအား လုံခြုံရေးယူရန်လာသည့် စစ်ကြောင်းများကို မိုင်းဆွဲတိုက်ခိုက်ခြင်း၊ ပစ်ခတ်တိုက်ခိုက်ခြင်းများ ပြုလုပ်ခဲ့ပြီး စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှုများရှိခဲ့သည်။

ရေလမ်းခရီးဖြင့်လာသည့် စစ်ကောင်စီတပ်များအထိနာသောကြောင့် ကသာမြို့အထက်ပိုင်း မိုးတားကြီးရွာအား စစ်ကောင်စီက ဇန်နဝါရီ ၁၂ တွင် လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သောကြောင့် နေအိမ်နှင့်ဘာသာရေး အဆောက်အဦ ၁ လုံး မီးလောင်ပျက်စီးခဲ့သည်။


MeKong News - မဲခေါင်သတင်း

KIA နှင့် မြို့လှ PDF ပေါင်းတိုက်သဖြင့် စစ်ကောင်စီ ၁၅ ယောက်ခန့်သေ KIA နှင့် မြို့လှ PDF ပေါင်းတိုက်သဖြင့် စစ်ကောင်စီ ၁၅ ယောက်ခန့်သေ Reviewed by THITHTOOLWIN on 22:47 Rating: 5

No comments:

Powered by Blogger.