ဇန်နဝါရီ - ၁၄
မန္တလေးမြို့ ၃၅ လမ်းနှင့် ၈၆ လမ်းအနီးရှိ မဟာအောင်မြေမြို့နယ် လျှပ်စစ်ရုံးတွင် ယနေ့ ဇန်နဝါရီ(၁၄)ရက် နံနက်(၇) နာရီကျော်အချိန်က ပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း ဒေသခံများက MFP သို့ ပြောသည်။
ကျယ်လောင်သော ပေါက်ကွဲသံ ကြားရပြီးနောက် သေနတ်ပစ်ခတ်သံလည်း ကြားရကြောင်း ဒေသခံများက ဆိုသည်။ အဆိုပါ ပေါက်ကွဲမှုနှင့်ပတ်သက်၍ MFP အနေဖြင့် အသေးစိတ် အခြေအနေများ မသိရသေးပါ။
လက်ရှိတွင် စစ်ကောင်စီက မန္တလေးမြို့အနှံံ့ လျှပ်စစ်မီတာခများ ကောက်ခံနေသလို မီတာခ မပေးဆောင်ပါက ဖမ်းဆီး၊ ဒဏ်ရိုက်၊ မီးဖြတ်မည်ဟု ခြိမ်းခြောက်မှုများလည်း ရှိနေသည်ဟု ဒေသခံများက ပြောသည်။
ပြီးခဲ့သည့် ဇန်နဝါရီ(၁၂)ရက်ကလည်း မဟာအောင်မြေမြို့နယ် သံလျက်မော်အနောက်ရပ်ကွက် အတွင်း စကစများက မီတာခကောက်ခံသည့် စာရွက်များ လိုက်လံဝေငှခဲ့ကြောင်း ဒေသခံများက ဆိုသည်။
" ကြွေးကျန်ဆိုတဲ့ ပုံစံမျိုးနဲ့ မီတာစာရွက် လာပေးတာ ဆယ်ရွက်လောက် ရှိတယ်၊ ဆောင်ဖို့တော့ စိတ်ကူး မရှိဘူး" ဟု မြို့ခံတစ်ဦးက MPF သို့ ပြောသည်။
လက်ရှိတွင် မန္တလေးမြို့၌ စစ်ကောင်စီနှင့် ဆက်စပ်သူများ၊ စစ်ကောင်စီ လက်အောက်ခံ ရုံး၊ ဌာန၊ အဆောက်အဦးများ နေ့စဉ်နီးပါး ဖောက်ခွဲတိုက်ခိုက်ခံနေရသည်။ တချိန်တည်းမှာပင် စစ်ကောင်စီကလည်း ၄င်းတို့ကို ဆန့်ကျင်သူများကို ဥပဒေမဲ့ ဖမ်းဆီး၊ သတ်ဖြတ်၊ ဖိနှိပ်လျှက် ရှိသည်။
ယမန်နေ့ ဇန်နဝါရီ(၁၃)ရက် မနက်ပိုင်းက မန္တလေးမြို့ အောင်မြေသာစံမြို့နယ် ညောင်ကွဲရပ်ကွက်ရုံးအနီး ပေါက်ကွဲမှု ဖြစ်ပွားပြီးနောက် စစ်ကောင်စီက ရမ်းကားပစ်ခတ်ခဲ့ရာ အသက်(၁၅)နှစ်အရွယ် မိန်းကလေးငယ်တစ်ဦး သေဆုံးပြီး အမျိုးသား နှစ်ဦး ထိခိုက်ဒဏ်ရာရခဲ့သည်။
Mandalay Free Press - MFP
No comments:
Post a Comment